
အောက်တိုဘာ ၅ ရက်တွင် တရားဝင် ဝင်းဒိုး ၁၁ ဗားရှင်းသစ် ထွက်မည့်အကြောင်းနှင့် ဗားရှင်းသစ်မတိုင်မီ မိုက်ခရိုဆော့ဖ်မှ အစမ်းထုတ်ပေးထားသော ချန်နယ်သုံးခုမှ ဝင်းဒိုးဗားရှင်းများအကြောင်းကို ယခင်တစ်ပတ်က ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ဝင်းဒိုး ၁၁ ၏ ထူးခြားချက်များ
ဝင်းဒိုး ၁၁ တွင် အပြောင်းအလဲများစွာ ပါဝင်လာ သည့့်အနက် အဓိကကျသည့်အချက်မှာ အန်းဒရွိုက် အက်ပလီကေးရှင်းများကို ကြားခံဆော့ဖ်ဝဲဖြစ်သည့် Emulator များသုံးရန် မလိုတော့ဘဲ ဝင်းဒိုး ၁၁ ပေါ်တွင် တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်သည်။ သို့သော် အန်းဒရွိုက်အက်ပလီကေးရှင်း အားလုံးကို သုံးနိုင်မည်မဟုတ်ဘဲ အွန်လိုင်းစတိုး ဖြစ်သည့် အမေဇုန်စတိုးတွင် ရောင်းချသည့် အက်ပလီ ကေးရှင်းများကိုသာ သုံးနိုင်မည်ဖြစ်သည်။ ထို့အပြင် စမ်းသပ်သုံးစွဲပြီးသူများ၏ အဆိုအရ Release Preview Channel မှဝင်းဒိုးတွင်ရော၊ အောက်တိုဘာ ၅ ရက်ထွက် ဝင်းဒိုးတွင်ပါ အဆိုပါလုပ်ဆောင်ချက် မပါဝင်သေးဘဲ ၂၀၂၂ ထဲတွင်မှ မိုက်ခရိုဆော့ဖ်က ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။
အခြားထူးခြားချက်များအနေဖြင့် Desktop ကို တစ်ခုထက်ပို၍ ထားရှိနိုင်သည့် Multiple Desktop လုပ်ဆောင်ချက် ပါဝင်လာခြင်း၊ Start Menu အပါ အဝင် Icon များကို ဘယ်ဘက်အောက်ထောင့်အစား အလယ်တွင်ထားသည့် Taskbar ဒီဇိုင်းသစ်ဖြစ် သွားခြင်း၊ ဖွင့်ထားသည့်ဆော့ဖ်ဝဲများကို screen ပေါ်တွင် ပို၍အဆင်ပြေစွာ နေရာချထားနိုင်မည့် snap layout စသည်တို့အပြင် အမြင်ပိုင်းတွင် ပိုမို ဆန်းသစ်စေမည့် ဒီဇိုင်းအပြောင်းအလဲများ ပါဝင် လာသည်။
ဟာ့ဒ်ဝဲ လိုအပ်ချက်
ဝင်းဒိုး ၁၁ ကို သုံးနိုင်ရန်အတွက် ကွန်ပျူတာ Boot လုပ်သည့်စနစ်တွင် BIOS စနစ်ကို ခွင့်မပြုဘဲ UEFI စနစ်ကိုသာ ခွင့်ပြုထားရာ အလွန်မော်ဒယ်နိမ့် သော ကွန်ပျူတာများတွင် ဝင်းဒိုး ၁၁ ကို လုံးဝ တင်သုံးနိုင်မည်မဟုတ်ပေ။ CPU နှင့် Storage အတွက် လိုအပ်ချက်မများသော်လည်း RAM ပမာဏ မှာ ဝင်းဒိုးအတွက်ပင် 4GB အထိ တောင်းထားသဖြင့် အခြားဆော့ဖ်ဝဲများ သုံးမည်ဆိုလျှင် RAM 8GB ရှိသော ကွန်ပျူတာများမှသာ အဆင်ပြေနိုင်မည်ဖြစ် သည်။ ဝင်းဒိုး ၁၁ တွင် ဒီဇိုင်းပိုင်းကိုလည်း အဓိက ထား ပြုလုပ်ထားသဖြင့် ဂရပ်ဖစ်ကတ်များကလည်း အရေးကြီးကာ DirectX 12 နှင့် နောက်ပိုင်းထွက် ဂရပ်ဖစ်ပါရှိမှ အဆင်ပြေမည်ဖြစ်သည်။ ထို့အတူ အင်တာနက်လိုင်းနှင့် မိုက်ခရိုဆော့ဖ်အကောင့်များ လည်း လိုအပ်မည်ဖြစ်သည်။
ဝင်းဒိုး ၁၁ သုံးနိုင်ရန်နည်းလမ်းများ
ဝင်းဒိုး ၁၁ တရားဝင် စထွက်လာသည့် အောက်တိုဘာ ၅ ရက်တွင် ဝင်းဒိုး ၁၀ လိုင်စင် ဝယ်သုံးထားသော ကွန်ပျူတာများအနေဖြင့် အထက်ပါ ဟာ့ဒ်ဝဲလိုအပ်ချက်များနှင့် ကိုက်ညီပါက ဝင်းဒိုး ၁၁ ကို အလွယ်တကူ Update လုပ်ယူနိုင် သော်လည်း Pirated Version ဟုခေါ်သော တရားမဝင်ဗားရှင်းများကိုသုံးနေသည့် ကွန်ပျူတာများ တွင်မူ ဝင်းဒိုး ၁၁ ကို အလွယ်တကူ သုံးနိုင်မည် မဟုတ်ပေ။ နိုင်ငံတကာမှ ကွန်ပျူတာစနစ်ကျွမ်းကျင် သူများက အွန်လိုင်းတွင် တင်ပေးထားသည့် Pirated Version များအတွက် ISO ဖိုင်များကို ရှာဖွေ ဒေါင်းလုပ်ဆွဲ၍ အင်စတောလုပ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အောက်တိုဘာ ၅ ရက်ထွက် ဝင်းဒိုး ၁၁ အတွက် ISO ဖိုင်များလည်း မထွက်ရှိ သေးဘဲ Release Preview Channel မှပေးသည့် ဝင်းဒိုးအတွက် ISO ဖိုင်များသာ အွန်လိုင်းပေါ်တွင် ရှိနေသည်။ ထို့ကြောင့် လိုင်စင်ဝင်းဒိုးမဟုတ်သည့် ကွန်ပျူတာများတွင် ဝင်းဒိုး ၁၁ ကို တင်သုံးလိုလျှင် Cracked ISO ဖိုင်များထွက်အောင် ခဏစောင့်သင့် ပြီး ဝင်းဒိုးတင်မည်ဆိုလျှင်လည်း ကွန်ပျူတာစနစ် ပိုင်းကို နားလည်သူများ၏ အကူအညီဖြင့်သာ တင်သင့်သည်။
ဝင်းဒိုး ၁၁ သုံးသင့်ပြီလား
လက်ရှိအချိန်တွင် ဝင်းဒိုး ၁၀ ကို ပြောင်းသုံးသင့် မသင့်ဆိုလျှင် အိုင်တီနည်းပညာနယ်ပယ်နှင့် ကွန်ပျူတာစနစ်များကို စိတ်ဝင်စားသူများအနေဖြင့် ဝင်းဒိုးအသစ်ထွက်ထွက်ချင်း စမ်းသုံးပြီးသည့် ခံစားချက်ကို လိုချင်လျှင် စမ်းသုံးသင့်သည်။ ထို့ အပြင် ကွန်ပျူတာဆားဗစ်ပိုင်း/နက်ဝပ်ပိုင်းတို့နှင့် ပတ်သက်၍ အလုပ်လုပ်သူများအနေဖြင့်လည်း လုပ်ငန်းလိုအပ်ချက်အရ ဝင်းဒိုး ၁၁ ကို မဖြစ်မနေ ပြောင်းလဲသုံးစွဲထားသင့်သည်။
သို့သော် ကွန်ပျူတာကို အခြားအလုပ်များ လုပ်ရာတွင် အထောက်အကူအဖြစ်သာ အသုံးပြုနေ သည်ဆိုလျှင်မူ ဝင်းဒိုး ၁၁ ကို မပြောင်းသင့်သေးပေ။ မိုက်ခရိုဆော့ဖ်အနေဖြင့် ဝင်းဒိုး ၁၀ ကို ၂၀၂၅ ခုနှစ် အထိ Support ပေးသွားမည်ဟု တရားဝင်ကြေညာ ထားသဖြင့် ဝင်းဒိုး ၁၁ ကိုပြောင်းသုံးရန် အချိန် များစွာ ရသေးသည်။ ဝင်းဒိုးအသစ်များသည် မဖြစ်မနေချက်ချင်းပြောင်းရန် မလိုအပ်သလို ဝင်းဒိုး သမိုင်းကြောင်းတွင် NT, ME, Vista စသည့် အသစ် ထွက်ပြီး မအောင်မြင်ခဲ့သော ဝင်းဒိုးဗားရှင်းများ ရှိခဲ့ဖူးသည်။
ဝင်းဒိုး ၁၁ တွင်လည်း အားသာချက်အချို့ရှိသည့် တိုင် ပြောင်းသုံးလိုက်ပါက ဝင်းဒိုး ၁၀ တွင် လက်ရှိ အသုံးပြုနေသော ဆော့ဖ်ဝဲနှင့် ဂိမ်းအားလုံးကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်းရှိမရှိ မသိရ သေးပေ။ ထို့ပြင် ဝင်းဒိုးတွင်ပါသော မိုက်ခရိုဆော့ဖ် အော့ဖစ် အပါအဝင် ဆော့ဖ်ဝဲများမှာ ဝင်းဒိုး ၁၁ တွင် ငွေပေးဝယ်ရသည့်ပုံစံ ပြုလုပ်ထားသဖြင့် အွန်လိုင်းမှငွေပေးချေရန်မလွယ်သေးသော မြန်မာ နိုင်ငံမှသုံးသူများမှာ Crack လုပ်ထားသောဆော့ဖ်ဝဲ များကို စောင့်သုံးရသည့်အနေအထား ဖြစ်နေသေး သည်။ နက်ဝပ်ပိုင်းအတွက် အရေးကြီးသည့် Net Framework တွင်လည်း အဆင်မပြေမှုအချို့ရှိနေ သေးသည်ဟု Release Preview Channel မှ ဝင်းဒိုးကို စမ်းသုံးသူအချို့ထံမှ သိရသည်။
သို့ဖြစ်၍ လက်ရှိအချိန်တွင် လိုင်စင်ဝင်းဒိုး ၁၀ လက်ပ်တော့များကို သုံးနေကြသူများအနေဖြင့် ကွန်ပျူတာကို အခြားအလုပ်များလုပ်ရန် အထောက် အကူအဖြစ်သာ သုံးနေသည်ဆိုပါက ဝင်းဒိုး ၁၁ ကို ချက်ချင်းမပြောင်းသေးဘဲ လိုအပ်သော ဆော့ဖ်ဝဲ များနှင့် ပြဿနာဖြေရှင်းနည်းများကို အွန်လိုင်းမှ အစုံအလင်ရနိုင်သည့်အချိန်မှသာ ဝင်းဒိုး ၁၁ ကို ပြောင်းသုံးသင့်သည်။ လိုင်စင်ဝင်းဒိုးမဟုတ်သော ဝင်းဒိုး ၁၀ များဖြင့် ဒက်စတော့ပ်ကွန်ပျူတာများကို အသုံးပြုနေသူများအနေဖြင့်လည်း ဝင်းဒိုး ၁၁ ကို ပြောင်းသုံးမည်ဆိုလျှင် အွန်လိုင်းတွင် တစ်ခုချင်း ရှာဖွေဒေါင်းလုပ်ဆွဲယူရပြီး အဆင်မပြေမှုများကို ဖြေရှင်းရန်လည်း အချိန်များစွာကုန်မည်ဖြစ်၍ လိုအပ်သောအပ်ဒိတ်များ စုံလင်ပြီး ဆော့ဖ်ဝဲ အရောင်းဆိုင်များက စုစည်းပေးထားသော ဝင်းဒိုး ၁၁ စီဒီများ ထွက်သည့်အချိန်(၂၀၂၂ နှစ်ကုန်ခန့်)အထိ စောင့်ဆိုင်းပြီးမှသာ ဝင်းဒိုး ၁၁ ကို ပြောင်းသုံး သင့်ပေသည်။ ။ ကိုစိုး