
ရန်ကုန် ဇန်နဝါရီ ၁၈
အာဆီယံဘောလုံး အဖွဲ့ချုပ်က ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် AFF ပြိုင်ပွဲ အများစုတွင် မြန်မာဘောလုံးနှင့် ဖူဆယ်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲ ရှစ်ခုကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲသုံးခုနှင့် ပတ်သက်၍ ထပ်မံ ထုတ်ပြန်မည်ဖြစ်သည်။ ကျင်းပရန် အတည်ပြုထားသည့် ပြိုင်ပွဲရှစ်ခုတွင် မြန်မာအသင်း များအနေဖြင့် ပြိုင်ပွဲခုနစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၄ ခုနှစ်အတွင်း Asean Mitsubishi Electric Cup ပြိုင်ပွဲ၊ Asean Women's Champion-ships ပြိုင်ပွဲ၊ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ နှင့် အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲနှင့် အာဆီယံ ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ များအနက် အာဆီယံသဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲ များတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် Asean Mitsubishi Electric Cup ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်လည်းကောင်း၊ အာဆီယံ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ကို ၂၀၂၄ ခုနှစ် သြဂုတ်လမှ ၂၀၂၅ ခုနှစ် မေလအထိလည်းကောင်း ကျင်းပမည်ဖြစ်သည်။ အာဆီယံ ယူ - ၁၆ ပြိုင်ပွဲကို ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံ ယူ - ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို မေလတွင် ထိုင်းနိုင်ငံ၊ အာဆီယံ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလတွင် ထိုင်းနိုင်ငံတို့၌ ကျင်းပမည်ဖြစ်ပြီး အာဆီယံ အမျိုးသမီးပြိုင်ပွဲကျင်းပမည့်ကာလနှင့် အိမ်ရှင်နိုင်ငံကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ - ၁၆ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ - ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပခြင်းရှိ မရှိ ထပ်မံထုတ်ပြန် မည် ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF