ယခုနှစ် ပထမ သုံးလပတ်အတွက် TikTok ၏ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ကြီးကြပ်မှု အစီရင်ခံစာထုတ်ပြန်

 

ရန်ကုန် ဇူလိုင် ၈


၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွက် TikTok ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန် ချက်များဆိုင်ရာ  ကြီးကြပ်မှု အစီရင်ခံစာကို TikTok က ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။ TikTok အနေဖြင့် အသုံးပြုသူအားလုံး ဘေးကင်း လုံခြုံမှုရှိသော ဖျော်ဖြေရေးဆိုင်ရာ ပလက်ဖောင်းအဖြစ် ဆက်လက်ထိန်းသိမ်းရန် ယခုလို သုံးလပတ်အစီရင်ခံစာကို ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

 


အစီရင်ခံစာတွင် TikTok က သုံးလတစ်ကြိမ်  မူဝါဒအလိုက် ဖယ်ရှားလိုက် သည့် ဗီဒီယိုများ၊ ဆယ်ကျော်သက်များအတွက် ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်မှုများ၊  နိုင်ငံအလိုက် ဖယ်ရှားသည့် ဗီဒီယိုများ၊ သုံးလတစ်ကြိမ် ဖယ်ရှားလိုက်သည့် အကောင့်များ၊ Spam ဖြစ်စေသည်ဟု သတ်မှတ်ထားသော အကောင့်များနှင့် ထိုအကောင့်များမှ တင်သော Spam ဗီဒီယိုများကို ဖယ်ရှား မှုများ စသည်တို့ကို ဇယားများဖြင့် ဖော်ပြထားသည်။

 


ထို့အပြင် TikTok ၏ မူဝါဒအရ ကြိုတင်ဖယ်ရှားခြင်းခံရသည့် အကြောင်း အရာများ၊ မည်သူမှမကြည့်ရသေးမီ ဖယ်ရှားလိုက်သော အကြောင်းအရာများနှင့် ၂၄ နာရီမတိုင်မီအတွင်း ဖယ်ရှားလိုက်သည့် အကြောင်းအရာများကိုလည်း ရာခိုင်နှုန်းများဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 


TikTok အနေဖြင့် ယူကရိန်းစစ်ပွဲကာလအတွင်း မူရင်းအတိုင်းမဟုတ်သော တိုက်ရိုက်ထုတ်လွှင့်မှုများနှင့်   ဗီဒီယိုများမှတစ်ဆင့်   လူမှုအသိုင်းအဝိုင်းအား လိမ်လည်လှည့်စားရန်ကြိုးပမ်းသည့်     အကောင့်များကို      ပိုမိုလျင်မြန်သည့် အရေးယူမှုများပြုလုပ်နိုင်ရန် ရှာဖွေဖော်ထုတ်သည့် နည်းများကိုလည်း စဉ်ဆက် မပြတ်   ပြောင်းလဲခဲ့ကြောင်း၊   TikTok  ၏  ယူကရိန်းစစ်ပွဲဆိုင်ရာ အထူးပြု စိစစ်သောအဖွဲ့အနေဖြင့် ဗီဒီယို ၄၁၁၉၁ ခုကို ဖယ်ရှားခဲ့ပြီး ယင်းတို့အနက် ၈၇ ရာခိုင်နှုန်းမှာ   သတင်းမှားများကို  ဖော်ပြခဲ့ကြောင်း၊  ယင်းဗီဒီယိုများမှ  ၇၈ ရာခိုင်နှုန်းကို  TikTok က  ကြိုတင်ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

 


ထို့အပြင် TikTok သည် ကြော်ငြာမူဝါဒ ကြီးကြပ်မှုအရ ယခုနှစ်တွင် ဖယ်ရှား လိုက်သည့် ကြော်ငြာအရေအတွက် စုစုပေါင်းသည် တိုးမြင့်သွားခဲ့ကြောင်း၊ ကြော်ငြာတစ်ခုချင်းဖြစ်စေ၊ ကြော်ငြာအကောင့်တစ်ခုလုံးအပေါ် အရေးယူခြင်း ဖြင့် အစုလိုက်အပြုံလိုက်ဖြစ်စေ ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့်   ဖယ်ရှား လိုက်သည့် အရေအတွက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။  

 


TikTok အနေဖြင့် အစီရင်ခံစာများကို သုံးလတစ်ကြိမ် ထုတ်ပြန်လျက်ရှိပြီး သုတေသနပြုစုသူများ၊ ပညာရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပိုမို ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ရန် အစီရင်ခံစာများကို ဒေါင်းလုပ်ဆွဲ ရယူနိုင်မည် ဖြစ်ကြောင်း TikTok ၏  မြန်မာဘာသာဖြင့်ထုတ်ပြန်သည့် သတင်းခန်း ဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။


ကျော်ဇင်ဦး