ဝတ်ဆင်ရေးအဆင်ပြေဖို့ ဝါသီးနှံတိုးချဲ့စိုက်ပျိုးစို့

Type
7

 

K ဇင်သစ်  (မန်းတက္ကသိုလ်) 

အတိတ်ငယ်ဘဝကို   ပြန်မြင်ယောင်နေမိသလို ခံစားမိပါသည်။ စာရေးသူတို့ နေထိုင်ရာဒေသမှာ ယခုကဲ့သို့ သင်္ကြန်ပြီးခါစကာလမှာ ဝါခင်းများကို ပေါင်းပေါက်ခဲ့ကြရသည့်အလုပ်က     လက်လုပ် လက်စားများအဖို့    အလုပ်အကိုင်အခွင့်အလမ်း ရရှိနေခဲ့ခြင်း ဖြစ်ပါသည်။ ဇွန်-ဇူလိုင်တွင် ဝါများ ကောက်ကြရသည့်အခါမှာလည်း   ရွာလုံးကျွတ် ကိုယ်စီ     ဝါကောက်ထွက်ကြရသည့်အလုပ်က ပျော်မွေ့ဖွယ်ကောင်းလှပါသည်။
နေရာဒေသကွဲပြားစွာ စိုက်ပျိုး
ရာသီဥတုလည်းမှန်    တောင်ပုလုဆည်ရေ သောက်လည်းဖြစ်တော့ မိုးစပါးပြီးလျှင် ဝါစိုက် ကြပြီး ဝါပြီးလျှင် စပါးပြန်စိုက်ကြသည့်အတွက် တစ်နှစ်ပတ်လုံး လယ်မြေများတွင် အအားအလပ်မရှိ စိုက်ပျိုးခဲ့ကြသည်ကို မှတ်မိနေပါသည်။ ကိုယ့်ဒေသ တွင်စိုက်သည့် ဝါကိုပဲ တစ်နိုင်ငံလုံး စိုက်ပျိုးကြသည် ဟု ထင်ခဲ့မိသော်လည်း မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးမှု နှင့် ပတ်သက်၍ မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကာလမတူ နေရာဒေသကွဲပြားစွာ စိုက်ပျိုး နေကြသည်ကို လေ့လာသိရှိရပါသည်။
 ဝမ်းတွင်းမြို့နယ် အနောက်ခြမ်းဒေသတွင် ဖေဖော်ဝါရီ၊ မတ်လတို့တွင် စိုက်ပျိုးကြသည့်ဝါမှာ မိုးကြိုဝါဖြစ်သည်ဟု သိရှိရပါသည်။ မိုးဝါကို မေလ လယ်မှ ဇွန်လကုန်ထိ လည်းကောင်း၊ မိုးနှောင်းဝါကို ဩဂုတ်လမှ စက်တင်ဘာလအထိ  လည်းကောင်း စိုက်ပျိုးကြပါသည်။ နိုင်ငံအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင် ဝါကို  အဓိကစိုက်ပျိုးကြပြီး  မိုးနှောင်းဝါကို အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပါသည်။
ဝါပင်မှ ဝါအသီးသီးသည်အထိ ရက်ပေါင်း ၁၄၀ မှ ၂၀၀ ခန့်ကြာအောင်   ပြုစုပျိုးထောင်ကြရပြီး ဝါတစ်ပင်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဝါကောက် ရသည်။ ဝါတွင် ချည်မျှင်ရှည်ဝါနှင့်  ချည်မျှင်တို ဝါဟူ၍ နှစ်မျိုးစိုက်သော်လည်း  မြန်မာနိုင်ငံတွင် ချည်မျှင်ရှည်ဝါကိုသာ   အများဆုံးစိုက်ပျိုးကြပါ သည်။ ဝါသီးနှံစိုက်ပျိုးရာတွင်    သီးလုံးဖောက်ပိုး ဒဏ်ခံနိုင်သော အထွက်တိုးမျိုးစိုက်ရန်လိုအပ်ပြီး ပျမ်းမျှအပူချိန် ၂၅.C မှ ၃၀.C ကြား   စိုက်ပျိုးနိုင် သည်။  မြေယာပြုပြင်ခြင်းကို   ထယ်ရေးနက်၍ ထွန်ရေးညက်အောင် ထယ်တစ်စပ်၊ ထွန် (၄-၆) စပ်ထွန်ရန်၊ မိုးကြိုရာသီ  မြေအစိုဓာတ်ရှိချိန်တွင် ထယ်ထိုးရန် မြေခြောက်ပါက ရေသွင်းပြီးမှ မြေ အထန့်တွင် ထယ်ထိုးရန်နှင့် မိုးနှင့် မိုးနှောင်းစိုက် မည့်မြေကို  နွေထယ်ရေးခံထားရန် (သို့မဟုတ်)ပထမသီးနှံအပြီးတွင် ထယ်ထိုး၊ ထယ်မွှေထားရန် လိုအပ်ပါသည်။
မိုးရွာသွန်းမှုများပါကလည်း အထွက်နှုန်းလျော့ကျစေနိုင်
ရေလိုအပ်မှုမှာ ဝါပင်များသည်   ပန်းပွင့်ချိန်၊ ဝတ်မှုန်ကူးချိန်နှင့်   အစေ့အဆန်ထည့်ချိန်တွင် ရေငတ်ဒဏ်မခံနိုင်ပါ၊    အပင်ကြီးထွားချိန်တွင် ရေငတ်ပါက အပင်ပု၊ အရွက်သေးပြီး အထွက်နှုန်း ထိခိုက်နိုင်ပြီး ဝတ်မှုန်ကူးချိန်တွင်   မိုးရွာသွန်းမှု များလွန်းပါကလည်း အထွက်နှုန်းလျော့ကျစေနိုင် ၍ ဂရုပြုသင့်ပါသည်။ 
မိုးကြိုဝါတွင် ရေသွင်းခြင်းကို   မြေပြင်ချိန်၊ စိုက်ချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီး ကြီးထွားချိန်တို့တွင် ဆောင်ရွက်ရမည်။ မိုးနှောင်းဝါ တွင် ပန်းစပွင့်ချိန်မှ   ဝါသီးကြီးထွားချိန်အထိ နှစ်ကြိမ်မှ သုံးကြိမ်အထိ ရေသွင်းရမည်။ မိုးဝါတွင် ပန်းစပွင့်ချိန်နှင့် ပန်းပွင့်ဖြိုင်ချိန်၊ အသီးကြီးချိန်တွင် ရေလိုအပ်ပါက သွင်းပေးရန်နှင့် ရေသွင်းပြီးတိုင်း ကြားပေါင်းလိုက်၍ မြေဆွပေးရမည်ဖြစ်ပေသည်။ ဝါပင်ကိုစိုက်ပြီး (၁၅-၂၀) ရက်အတွင်း ရွက်ဆစ် (၃-၄) ရွက် ထွက်ချိန်တွင်   သားခွဲရမည်ဖြစ်ပြီး သားခွဲနောက်ကျပါက  သီးကိုင်းအထွက်နည်းနိုင် မည်ဖြစ်၍ တောင်သူများအ‌နေဖြင့် အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ပေသည်။
ဝါသီးနှံစိုက်ပျိုးရေးကို 
 အားသွန်ခွန်စိုက် လုပ်ဆောင်နေ
ဝါစိုက်တောင်သူများအနေဖြင့် ယနေ့အချိန် အခါတွင် ဝါအထွက်နှုန်းတိုးသည့် ရွှေတောင် (၁၀)နှင့် Raka 666 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၇၀၀ ထွက်ရှိအောင် စတင်စိုက်ပျိုးသည်မှ    ခူးဆွတ် (ဝါကောက်) သည်အထိ လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များကို    ဝါယမစိုက်ထုတ်  လုပ်ကိုင်ကြမှသာ ပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။ သွင်းအားစုထည့်သွင်းရမည့်အချိန်နှင့်   လိုအပ် ချက်များကို အပြည့်အဝ  ထည့်သွင်းပေးနိုင်ပါက အထွက်နှုန်းပိုမိုထွက်ရှိလာနိုင်မည် ဖြစ်ပါသည်။ 
မိရိုးဖလာစိုက်ပျိုးနေကြ၍   ဝါအထွက်နှုန်း ပုံမှန်အနေအထားရှိနေခြင်းမှ ဝါအထွက်နှုန်း ပိုမို ထွက်ရှိလာနိုင်စေရန်  သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်   ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကို သမဝါယမကဏ္ဍမှ အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ဟု ကြားသိရ၍ ဝမ်းသာပီတိ ဖြစ်မိပါသည်။
သမဝါယမကဏ္ဍမှ ဝါသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင် ရေးအတွက် ဘယ်လိုအခန်းကဏ္ဍမှ ကူညီပံ့ပိုးပေး နေသည်ကို စောကြောမိချင်ပါသည်။ ဝါစိုက်ပျိုးသည့် နယ်မြေဒေသရှိ ဝါစိုက်တောင်သူများအား စည်းရုံး ဆွေးနွေးပြီး တောင်သူတစ်ဦးချင်းအလိုက် စိုက်ပျိုး သည့်ဧက၊ ဝါမျိုးကောင်းမျိုးသန့်လိုအပ်မှု၊ သွင်းအား စု လိုအပ်ချက်များကို အသေးစိတ်စာရင်းဇယား များပြုစုပြီး ကျေးရွာကိုအခြေခံ၍ ယခင်ဖွဲ့စည်းပြီး အသင်းရှိနေပါက     အသင်းသားသစ်များအဖြစ် ပါဝင်နိုင်ရေး၊ အသင်းသစ်ဖွဲ့စည်းရန် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ   ဖွဲ့စည်းဆောင်ရွက်ပေး လျက်ရှိပါသည်။ 
လုပ်ငန်းကြီးကြပ်မှုကော်မတီ   အဆင့်ဆင့် ဖွဲ့စည်းပြီး Raka 666 ကဲ့သို့ အထွက်နှုန်းကောင်း သည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာများအချိန်အလိုက် စနစ်တကျ ထည့်သွင်း နိုင်ရေး အပင်ကြီးထွားမှုအဆင့်အလိုက်   ပြုစု ဆောင်ရွက်နိုင်ရေး၊ ဝါသီးနှံစိုက်ပျိုးရာတွင် လိုအပ် သည့် အသိပညာ၊  ဗဟုသုတများ  တိုးပွားစေရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ နှင့် ပူးပေါင်း၍  ဝါပင်တွင်   ကျရောက်တတ်သည့် ပိုးမွှားနှင့်ရောဂါဒဏ်ကာကွယ်နိုင်ရေး ပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စတင် စိုက်ပျိုးသည်မှ ဝါထွက်ရှိသည်အထိ သတ်မှတ်ရက် အလိုက် လုပ်ဆောင်ကြရမည့် ပညာပေးလက်ကမ်း စာစောင်များ         ဖြန့်ဝေဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရ၍ ဝါစိုက်ဧကများ ပိုမိုတိုးတက် လာပြီး စိုက်ပျိုးသည့်ဧကတိုင်း ပန်းတိုင်အထွက် နှုန်းအတိုင်းပြည့်မီပြီး ဝါစိုက်တောင်သူများ ဝင်ငွေ ပိုမိုရရှိနိုင်တော့မည် ဖြစ်ပါသည်။
ဝါတစ်ဧကစိုက်ပျိုးသည့်အခါ      ငွေကျပ် ခုနစ်သိန်းမှ ၁၀ သိန်းခန့် ကုန်ကျနိုင်ပြီး ပန်းတိုင် အထွက်နှုန်း ထွက်ရှိပါက လက်ရှိဈေးကွက်ပေါက် ဈေးဖြင့် ပြန်လည်ရောင်းချပါက ဈေးကွက်တွက်ခြေ ကိုက်၍ စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားထဲတွင် ပါဝင်နေသည်ဟု ဆို၍ရနိုင်ပါသည်။ ဝါစိုက်တောင်သူ များအဖို့ မိမိတို့စိုက်ပျိုးထွက်ရှိသည့် ဝါဂွမ်းများဖြင့် ချည်ငင်၊ ချည်ထည်ဖြစ်တည်လာပြီး လူသားတို့၏ ဝတ်ဆင်ရေးတွင် အဆင်ပြေအထောက်အပံ့ဖြစ်နေ သည်ဟု မှတ်ယူ၍  ဝမ်းသာပီတိဖုံးစေကာ ကုသိုလ်လည်းရ-ဝမ်းလည်းဝ ဆိုဘိသကဲ့သို့ ခံစားနိုင်ကြမည်လည်း ဖြစ်ပါသည်။ 
မြန်မာ့ရိုးရာချည်ထည်များဝတ်ဆင်၍ ပြည်တွင်း ဖြစ်ကို သုံးစွဲလာကြခြင်းအားဖြင့် ပြည်ပသွင်းကုန် အစားထိုးခြင်းလုပ်ငန်းကို   ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲ မှုလျော့နည်းလာနိုင်တော့မည်လည်း  ဖြစ်ပါသည်။ ဝါစိုက်ပျိုးရေး စီမံကိန်းအရ သမဝါယမအသင်းသား တောင်သူများအား တစ်ဧကလျှင် ငွေကျပ်နှစ်သိန်း နှင့် ညီမျှသော မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုင်းဒေသ ကြီး လေးခု၊ မြို့နယ် ၉၅ မြို့နယ်တို့တွင် မိုးဝါ ၁၂၆၄၂ ဧက၊ မိုးနှောင်းဝါ ၈၁၅၆၂ ဧကနှင့် မိုးကြိုဝါ ၁၇၉၆ ဧက စုစုပေါင်း ဧက ၉၆၀၀၀  အတွက်  ငွေကျပ် သန်း ၁၉၂၀၀ ဖိုး ထောက်ပံ့ပေးနိုင်ရေး  ဖော်ပြပါ ဇယားအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 
သမဝါယမကဏ္ဍမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးလိုအပ်သော သွင်းအားစုများ ထောက်ပံ့ပေးနိုင် ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြည်ထောင်စု/ တိုင်းဒေသကြီး)၊  သမဝါယမအသင်းပိုင်ငွေကြေး များဖြင့်    အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံထားကြောင်း သိရှိရပါသည်။ မည်သို့ပင်ဆိုစေ ဝါစိုက်တောင်သူများအတွက်  ဝါဂွမ်းပိုမို ထွက်ရှိ လာစေရေး လိုအပ်သော သွင်းအားစုများကို သီးနှံ ပေါ်ပေးစနစ်ဖြင့် ပေးချေရမည်ဖြစ်ခြင်းနှင့် ထွက်ရှိ လာသော ဝါဂွမ်းများကို ဈေးကွက်ချိတ်ဆက်ပေး ခြင်းကို သမဝါယမအသင်းများမှ ကူညီဆောင်ရွက် ပေးသွားမည်ဟု သိရှိရ၍ ဝင်ငွေတိုးပွားရရှိလာမည် မှာ မလွဲဧကန် ဖြစ်ပါသည်။
ဝါစိုက်ပျိုးရေးစီမံကိန်း   ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊  အဝယ် ဒိုင်များ၊ သမဝါယမအသင်းများနှင့်       ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ထွက်ရှိလာသော ဝါကုန်ကြမ်းများကို ကုန်ချောအဖြစ်    ထုတ်လုပ် နိုင်ရေး  စိတ်ပါဝင်စားမှုရှိပြီး ဖြစ်မြောက်အောင် ဦးဆောင်လုပ်ကိုင်နိုင်မည့် သမဝါယမအသင်းများ/အသင်းသားများထံသို့ ဝါကြိတ်စက်၊ ဝါဖန်စက်၊ ဝါဂွမ်းဖိစက်၊ ဝါလိပ်စက်၊   ဝါစေ့ဆီစက်များကို တည်ထောင်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေး သွားမည်ဟု သိရှိရ၍ ဝါဈေးကွက်မှာ တောင်သူများ ကြိုက်နှစ်သက်သည့်      ဈေးကောင်းများရရှိကာ ဝင်ငွေကိုယ်စီတိုးမြှင့်ရရှိလာနိုင်တော့မည် ဖြစ်ပါ သည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များအား သမဝါယမကဏ္ဍမှ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်နည်းတူ ဝန်ကြီးဌာန၏   မျှော်မှန်းချက် ဖြစ်သော ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွား လာစေရေးကို အကောင်အထည်ဖော်သည့်အနေဖြင့် ဝါစိုက်တောင်သူများအား လိုအပ်သောမျိုးကောင်း မျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ ပေးနိုင်ရေး စီမံဆောင်ရွက်မည့်    ဝါစိုက်ပျိုးရေး စီမံကိန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ဝတ်ဆင်ရေး အဆင်ပြေချောမွေ့လာနိုင်ခြင်းနှင့် တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရ ပါသည်။    ။
ကိုးကား
စိုက်ပျိုးရေးဦးစီးဌာနနှင့်   သမဝါယမဦးစီးဌာနမှ စာရင်းအချက်အလက်