ဝန်ထမ်းများအနေဖြင့် ကျရာနေရာမှ ပါဝင်နိုင်ရေး တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် တက်ကြွဂုဏ်ယူစွာ ပူးပေါင်းဆောင်ရွက်

နေပြည်တော်    ဒီဇင်ဘာ    ၂၁


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊  ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက်    စီမံချက်များ   ချမှတ်အကောင် အထည်ဖော်သွားမည့်အခြေအနေနှင့် အဆိုပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ကျရာနေရာမှ ပါဝင်နိုင်ရေး တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် တက်ကြွဂုဏ်ယူစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် လမ်းညွှန် မှာကြားပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမ်းမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ    တင်ပြချက်များအပေါ်   လိုအပ်ချက်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 


ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့ နယ်စပ် ရေးရာဝန်ကြီးဌာနက    ဖွင့်လှစ်ထားရှိသော   အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ အိမ်တွင်းမှု အတတ်ပညာ များ သင်ကြားပို့ချနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။ 


 မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သံတွဲမြို့သို့ ရောက်ရှိ ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သံတွဲမြို့နယ် ဦးစီးမှူးရုံး   ဆောက်လုပ်မည့်မြေနေရာများကို  သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိ ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သံတွဲခရိုင်ဦးစီးမှူးရုံး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံထိန်းသိမ်း ရေးလက်စွဲအတိုင်း ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 


သတင်းစဉ်