
ရန်ကုန် ဧပြီ ၂၇
မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပြည်ပလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာကဏ္ဍများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသော ပြည်တွင်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ယင်းတို့၏ ပြဋ္ဌာန်းချက် အစီအမံများ (Measures) ကို တစ်နေရာတည်းတွင် လွယ်ကူစွာ စုစည်းရှာဖွေ လေ့လာသိရှိနိုင်ရန်၊ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများကို အထောက်အကူ ပြုနိုင်စေရန်နှင့် နိုင်ငံ၏ယှဉ်ပြိုင်မှုကို မြင့်မားစေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဘဏ္ဍာတိုက် Services Trade and Investment Portal-STIP အမည်ရှိ Web Portal ကို တည်ထောင်ထားခဲ့သည်။
Enhanced Integrated Framework (EIF) အစီအစဉ်၏ Myanmar Services Trade Enhancement Project – (MSTEP) ပါ Sub-Component 1.3:Services Trade and Investment Portal(STIP)ကို အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည့် Information Matrix ကုမ္ပဏီလီမိတက်နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့အကြား လုပ်ငန်းအပ်နှံ ခြင်း သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်က စတင်ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးခဲ့သည်။
ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် (Services Trade and Investment Portal-STIP) Web Portal http://www.servicetrade.gov.mmကို လွှင့်တင် ထားရှိပြီး MSTIP အမည်ဖြင့် Mobile App (Android နှင့် IOS Version) ဖြင့်ပါ ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ ကြည့်ရှုအသုံးပြုနိုင်ကြောင်း သိရသည်။
ကိုရိုး