
ဝါးခယ်မ အောက်တိုဘာ ၂၇
ဧရာ၀တီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကမ်းပြိုကျေးရွာအုပ်စု ကမ်းပြို ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက ရွှေလောင်းမြစ်ရေတိုက်စားမှု ကြောင့် မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ်သုံးလုံး ရွှေ့ပြောင်းခဲ့ရသည်။
အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအလျား ပေ ၇၀၊ အနံပေ ၃၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော နေအိမ် သုံးလုံးနှင့် မိသားစုဝင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၄ ဦးတို့အား ရွှေလောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကြသည်။
ကမ်းပြိုကျေးရွာတွင် အိမ်ခြေ ၁၂၅ လုံး၊ အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၂၇၉ ဦး စုစုပေါင်း ၅၄၃ ဦးတို့ နေထိုင်ကြပြီး ရွှေလောင်းမြစ်ကမ်းပါးအနီး၌ တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)