ဥတ္တရခရိုင်အတွင်း ကျေးရွာ ၁၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

 

နေပြည်တော်   စက်တင်ဘာ   ၂၉


နေပြည်တော်  ဥတ္တရခရိုင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အတွင်း  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအရ   ခရိုင် အတွင်းရှိ  ကျေးရွာ  ၁၈  ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုနှစ် ဇူလိုင်လ ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်သည်။ 

 


ခရိုင်အတွင်းရှိ  ဥတ္တရသီရိမြို့နယ်မှ   ကျေးရွာ  ခုနစ်ရွာနှင့်  တပ်ကုန်းမြို့နယ်မှ  ကျေးရွာ ၁၁ ရွာ၌ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၈၅  ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း  ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးစိုးလင်းက ပြောသည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျောက်ရောမြေနှင့် ရိစာလမ်းခင်းခြင်းလုပ်ငန်း ၁၂ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ခြောက်ခု၊ အုတ်စီရေမြောင်းနှင့် ကျောက်ရိုးစီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်လျက်ရှိပြီး  လုပ်ငန်းများပြီးစီးပါက ကျေးရွာ  ၁၈  ရွာရှိ အိမ်ထောင်စု ၄၀၀၀ ကျော်မှ လူဦးရေ ၁၇၀၀၀ နီးပါးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။                 

သူသူငြိမ်း