
အမ်စတာဒမ် ဇွန် ၆
ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် မဲပေးမှုများကို နယ်သာလန်နိုင်ငံ၌ ဇွန် ၆ ရက်က စတင်လိုက် ပြီဖြစ်သည်။ ဥရောပသမဂ္ဂ (အီးယူ ) အဖွဲ့ဝင် ၂၇ နိုင်ငံမှ လေးရက်ကြာမဲပေးမှု ရလဒ်ဖြင့် လာမည့်ငါးနှစ် အတွက် မူဝါဒလမ်းညွှန်မှုများကို ပုံဖော်သွားမည်ဖြစ်သည်။ ဥရောပပါလီမန်က ပြင်ဆင်ခြင်း သို့မဟုတ် ပြဋ္ဌာန်းခြင်းပြုလုပ်လိုက်သည့် ဥပဒေများသည် ဥရောပသမဂ္ဂ၏ မူဝါဒလွှမ်းမိုးရာ နေရာများတွင် သက်ရောက်မှုရှိမည်ဖြစ်သည်။
ဥရောပပါလီမန်သည် ဥရောပသမဂ္ဂ၏ နှစ်စဉ် ဘတ်ဂျက်ကို ပြဋ္ဌာန်းသကဲ့သို့ ဥရောပကော်မရှင် ဥက္ကဋ္ဌကို ခန့်အပ်နိုင်သည်။ အဖွဲ့ဝင်နိုင်ငံတစ်ခု ချင်းစီအတွက် ပါလီမန်တွင် ၎င်းတို့လူဦးရေ အချိုး အစားအလိုက် ခွဲဝေသတ်မှတ်ထားသည့် နေရာ ပေါင်း ၇၂၀ ရှိသည်။ အဓိကပြဿနာများမှာ ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက် အပြုံလိုက် ဝင်ရောက်လာခြင်းပင် ဖြစ်သည်။
နယ်သာလန်နိုင်ငံသည် ပထမဦးဆုံး မဲပေးခွင့် ရရှိသည့် အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဇွန် ၆ ရက် နံနက်ပိုင်းတွင် အမ်စတာဒမ်မြို့ရှိ မူလတန်းကျောင်း ရှိ မဲရုံတစ်ရုံ၌ မဲပေးလာသူများနှင့် ပြည့်နှက် နေသည်။ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည် တည်တံ့သော စီးပွားရေးတိုးတက်မှုသည် ယခု ရွေးကောက်ပွဲအတွက် အရေးကြီးသည့် အကြောင်း အရာဖြစ်သည်ဟု လာရောက်မဲပေးသူတစ်ဦးက အင်န်အိတ်ချ်ကေသို့ပြောသည်။ နယ်သာလန်နိုင်ငံ သည် ဥရောပသမဂ္ဂတွင် သေးငယ်သည့်နိုင်ငံဖြစ် သောကြောင့် ဥရောပသမဂ္ဂသည် ပြည်သူများ အတွက် များစွာအဓိပ္ပာယ်ရှိကြောင်း နောက်ထပ် မဲဆန္ဒရှင်တစ်ဦးက ပြောသည်။
စိန်ခေါ်မှုများရှိနေသည့် အချိန်တွင် ဥရောပ သမဂ္ဂသည် ပေါင်းစည်းမှုများကို အရှိန်မြှင့်တင်သင့် သည်ဟု ၎င်းက ဆက်ပြောသည်။ လာမည့် တနင်္ဂနွေနေ့မတိုင်မီအထိ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံတွင် မဲပေးမှုများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။ တနင်္ဂနွေနေ့ညပိုင်းတွင် ကနဦး ရလဒ်များထွက်ပေါ်လာမည်ဟု ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ