နေပြည်တော် ဇွန် ၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး မြို့နယ် ခုနစ်မြို့နယ်မှ PDF အဖွဲ့ဝင် ၁၅ ဦးကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်



