
နေပြည်တော် ဩဂုတ် ၂၃
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဖြစ်စဉ် အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်း စဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)
ဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးတိုးအောင်နှင့် ဦးညီငြိမ်းအေး၊ UEHRD ၏ Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက် ရောက်ကြသည်။
ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD ပြည်ထောင်စုစီမံကိန်းသည် ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ခံစားရသူများအတွက် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင် ပါဝင် သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရေရှည် လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ် အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ် တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်း စဉ်အရ လိုအပ်ချက်များ ရှိလာပါ ကြောင်း၊ UEHRD ၏ Healthcare Task Force အနေဖြင့် အစိုးရ၊ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Health-care Task Force က ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လိုအပ် သော ဆေးရုံခုတင်များ၊ အင်အားတိုးချဲ့ ဆောင်ရွက်ရမည့် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ၊ အဘက်ဘက်က ပါဝင်ပူးပေါင်းကူညီကြမည့် စေတနာ့ ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ထိရောက်စွာ ပူးပေါင်းကူညီ ကြရန်ဖြစ်ကြောင်း၊ ထို့အပြင် UEHRD ၏ အခြားသော Task Forces များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များဆွေးနွေးပေးရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြ သူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်၏ ပကတိအခြေအနေ များကို သိရှိပြီး ဆောင်ရွက်နိုင်ရန် သတင်းရယူညှိနှိုင်းပေးမည့် တာဝန်ခံ သတ်မှတ်ခြင်း၊ အမြန်အကောင် အထည်ဖော်နိုင်မည့် လုပ်ငန်းအစီ အစဉ်များ သတ်မှတ်ခြင်း၊ ဘဏ္ဍာ ငွေကြေးဆိုင်ရာကိစ္စများကို UEHRD Healthcare Task Force က သီးခြား ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အမြန်ဆုံးကူညီပံ့ပိုးမည့်အစီအစဉ်များဆွေးနွေးခြင်း၊ ရခိုင် ပြည်နယ် လူငယ့်ရေးရာကော်မတီ ဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်း ခြင်း၊ အသင့်ရှိပြီးဖြစ်သော သင်တန်း ဆင်း စေတနာ့ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အား တိုးချဲ့ပြီး သင်တန်းများ ထပ်မံပို့ချရန် စီစဉ်ခြင်းကိစ္စရပ်များ ဆွေးနွေးသည်။
ယနေ့ ဆွေးနွေးဆုံးဖြတ်ချက် များကို UEHRD ၏ Healthcare Task Force က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရဌာန ဆိုင်ရာများနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်