
နေပြည်တော် စက်တင်ဘာ ၂၁
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး အပတ်စဉ် သောကြာ နေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင် ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များ ဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများ အဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည် ။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင် ယှဉ်ပြိုင်လျက်ရှိရာ ပြိုင်ပွဲ၏ ပွဲစဉ်(၄) ပထမဆင့် (Level -1) အုပ်စု(ခ)ပွဲစဉ်ကို စက်တင်ဘာ ၂၃ ရက် သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ကချင်ပြည်နယ်မှ ထင်ဗေးအောင်၊ ရခိုင်ပြည်နယ်မှ ပန်းအိနွယ်၊ ပဲခူးတိုင်းဒေသကြီးမှ မြတ်ကေခိုင်၊ ချင်းပြည်နယ်မှ မြင့်မြတ်သူ၊ မွန်ပြည်နယ်မှ အေးသက်ထားဇော်၊ မန္တလေးတိုင်းဒေသကြီးမှ သုနှင်းစံ၊ မကွေးတိုင်းဒေသကြီးမှ မြတ်နိုးစံ၊ ရှမ်းပြည်နယ်မှ အိုင်းစံနှင့် ရန်ကုန် တိုင်းဒေသကြီးမှ ထွန်းပပအောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏ စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီသတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို စက်တင်ဘာ ၂၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်