
ရန်ကုန် ဒီဇင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac doses တစ်သန်းသည် ယနေ့ နံနက် ၁၀ နာရီအတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီး ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ကာကွယ်ဆေးများ လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်း ပြောကြားရာ ယနေ့ရောက်ရှိသော Sinovac ကာကွယ်ဆေး doses တစ်သန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinovac ကာကွယ်ဆေး doses နှစ်သန်းအနက် ပထမအသုတ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကာကွယ်ဆေး တစ်သန်းကို လာမည့် နှစ်ဆန်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အစိုးရမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန(CDC)နှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းပြီးစီးပါက ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်မှု၊ သုတေသနနှင့် ဝန်ထမ်း လေ့ကျင့်ရေးတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်း မှုဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ကာလအတွင်းနှစ်နိုင်ငံ အကြား အပြန်အလှန် အတူတကွ အကျိုးဖြစ်ထွန်း ရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးစံနမူနာများကို ချမှတ်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၁၀ ဒသမ ၃)သန်း ကို လှူဒါန်းခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်သမ္မတနှင့် အစိုးရအား ကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအနေ ဖြင့်လည်း ကိုဗစ်တတိယလှိုင်းကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအနက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခဲ့သည့်အပြင် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်စက်နှင့် ဆေးကုသရေးပစ္စည်း အစ ရှိသည်တို့ တင်သွင်းရာတွင်လည်း အဆင်ပြေ ချောမောစေရန် ကူညီပေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကပ်ရောဂါကာကွယ်ထိန်းချုပ် ရေး အပိုင်းတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်လည်ပတ်စေရန် လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံ သည့် မှတ်တမ်းကို အပြန်အလှန် လက်မှတ်ရေးထိုး ၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တို့သည် ရောက်ရှိလာသော ကာကွယ်ဆေးများ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း သွားရောက်ကြည့်ရှုကြသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်