
ရန်ကုန် ဒီဇင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်း သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac doses တစ်သန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့်ရောက်ရှိလာပြီး ကာကွယ်ဆေး များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်ကြသည်။
အရေးကြီးသောအခန်းကဏ္ဍမှပါဝင်
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ကာကွယ်ဆေးများ လှူဒါန်းရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြား ရာ ယနေ့ရောက်ရှိသော ကာကွယ်ဆေး Sinovac doses တစ်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinovac ကာကွယ်ဆေး doses နှစ်သန်းအနက် ပထမအသုတ် အဖြစ် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကာကွယ်ဆေး တစ်သန်းကို လာမည့်နှစ်ဆန်းပိုင်း တွင် တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ် ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း ပြီးစီးပါက ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်မှု၊ သုတေသနနှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ပါ ကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းမှုဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်-၁၉ ကုသရေး စင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
စံနမူနာများချမှတ်နိုင်ခဲ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ကာလအတွင်းနှစ်နိုင်ငံ အကြား အပြန်အလှန်အတူတကွ အကျိုးဖြစ်ထွန်း ရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး စံနမူနာများ ချမှတ်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၁၀ ဒသမ ၃ သန်း ကို လှူဒါန်းခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်သမ္မတနှင့် အစိုးရအား ကျေးဇူးတင် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်တတိယလှိုင်းကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများအနက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခဲ့သည့်အပြင် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်စက်နှင့် ဆေးကုသရေးပစ္စည်း အစရှိသည်တို့ တင်သွင်းရာ တွင်လည်း အဆင်ပြေ ချောမောစေရန် ကူညီပေးခဲ့ပါ ကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပိုင်းတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် လည်ပတ်စေရန်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံ သည့်မှတ်တမ်းကို အပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် တို့သည် ရောက်ရှိလာသော ကာကွယ်ဆေးများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သွားရောက်ကြည့်ရှုကြသည်။
တက်ရောက်ခဲ့
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်