တရုတ်ပြည်သူ့သမ္မတနိုင်ငံ Grant-AID အကူအညီဖြင့် သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားတည်ဆောက်ရေးစီမံကိန်း တံတားဆက်ခြင်းအခမ်းအနားကျင်းပ

 

လားရှိုး    ဧပြီ     ၁၂      


သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား တည်ဆောက်ရေးစီမံကိန်းသည် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ နှင့် ၂၄ ကီလိုမီတာခန့်အကွာတွင်တည်ရှိပြီး ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်အစိုးရက ယွမ်ငွေသန်းပေါင်း ၁၄၀ ဒသမ ၀၀ အကုန်ကျခံကာ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ   Broad   Vision Consultants ကုမ္ပဏီနှင့် China Yunnan Sunny Road & Bridge Construction ကုမ္ပဏီလီမိတက်တို့မှ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် တည်ဆောက်လျက် ရှိသော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား၏ စုစုပေါင်း တံတားအရှည်   ၂၈၆   မီတာရှိပြီး   ယာဉ်သွားလမ်း အကျယ်   ကိုးမီတာရှိသော  နှစ်လမ်းသွား တံတား အမျိုးအစားဖြစ်ကာ  လူသွားလမ်းအကျယ် တစ်ဖက် လျှင် ၁ ဒသမ ၅ မီတာစီ ပါဝင်မည်ဖြစ်သည်။ တံတား ခံနိုင်ဝန်မှာ တန်  ၆၀ ဖြစ်သည်။ ကွမ်းလုံဘက်ကမ်း ချဉ်းကပ်လမ်းအရှည်  ၃ ဒသမ ၉၈ ကီလိုမီတာနှင့် သိန္နီဘက်ကမ်း ချဉ်းကပ်လမ်းအရှည်  ၀  ဒသမ ၃၃ ကီလိုမီတာ   အသီးသီးရှိကြပြီး   လမ်းနှင့် တံတား စုစုပေါင်းအရှည် ၄ ဒသမ ၅၉ ကီလိုမီတာရှိသည်။

 


တံတားအောက်ခြေ   အုတ်မြစ်လုပ်ငန်းများနှင့် တံတားကိုယ်ထည်တိုင်လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်   ၇    ရက်တွင်  ဆောင်ရွက်ပြီးစီးခဲ့သည်။ ဆက်လက်၍ ပင်မတံတားတည်ဆောက်ရေးအပိုင်း ဖြစ်သည့်   Prestressed   Concrete  Box  Girder အပိုင်းကို တည်ဆောက်ရာတွင်လည်း   ပင်မတံတား တိုင်နှစ်တိုင်ဖြစ်သည့် P1  &  P2  Pier တိုင်များမှ ရေလယ်ဘက်နှင့် ကုန်းပေါ်ဘက်သို့ တစ်ဖက်တစ်ချက်စီ ကို အပိုင်းလိုက် တစ်ပိုင်းချင်းစီ ဝန်အားကိုမျှ၍ ချိန်ညှိ သွန်းလောင်းသွားခြင်းပုံစံ  Segmental  Balanced Cantilever Method ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ တိုင်တစ်တိုင်ချင်းစီ ရေလယ်သို့ ၁၂ ပိုင်းဆောင်ရွက် ပေးရသကဲ့သို့   ကုန်းပေါ်တွင်လည်း  ၁၂  ပိုင်းစီကို တစ်ပိုင်းချင်းစီ ပြိုင်တူအပိုင်းလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရေလယ်ဘက်တွင် သံလွင် မြစ်အလယ်၌      နောက်ဆုံးဆက်သောအပိုင်းကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။

 


တံတား၏ PC Box Girder များအား  အပိုင်းလိုက် ဆောင်ရွက်ခြင်း၊ တံတားဆက်ခြင်းအခမ်းအနားကို ဧပြီ  ၁၂ ရက်က ကျင်းပရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယအတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန       တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး)နှင့် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက် သည်။

 


ယနေ့အထိ     စီမံကိန်းတစ်ခုလုံးအနေဖြင့်   ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ  ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်  လုပ်ငန်းများကို   ၂၀၂၃  ခုနှစ် ဇွန်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


သံလွင်တံတား(ကွမ်းလုံ) တံတားသစ်ကြီး တည် ဆောက်ပြီးပါက  လားရှိုး - သိန္နီ - ကွမ်းလုံ - ချင်းရွှေ ဟော်လမ်းသည် တရုတ် - မြန်မာ နှစ်နိုင်ငံအတွက် ကုန်သွယ်မှု အဓိကထွက်ပေါက်ဖြစ်လာမည်ဖြစ်ရာမြန်မာနိုင်ငံဘက်ခြမ်းမှ   ကြံ၊  ပဲ၊  ပြောင်းနှင့်  နှမ်း အပါအဝင် အခြားလယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ       ယူနန်ပြည်နယ် ဘက်ခြမ်းသို့   ပိုမိုတင်ပို့နိုင်မည်ဖြစ်၍  နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သောကြောင့်  တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ အရှည်ပေ ၄၀ ရှိသော တန် ၄၀ အထက်  တင်နိုင်သည့် ကွန်တိန်နာယာဉ်ကြီးများဖြင့်      ကုန်စည်သယ်ယူ ပို့ဆောင်    ကူးသန်းသွားလာနိုင်တော့မည်ဖြစ်ရာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်စီးဆင်းမှု  ပိုမိုအဆင်ပြေ ချောမွေ့   မြန်ဆန်လာမည်ဖြစ်သောကြောင့်   နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး   ဒေသခံ တိုင်းရင်းသားများ၏   စီးပွားရေး၊  လူမှုရေးတို့ပိုမို တိုးတက်မြင့်မားလာတော့မည်ဖြစ်ကြောင်း   သိရ သည်။    

              
  အာကာလင်း