တရားဝင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရေး အလုပ်သမားဝန်ကြီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေး

Type

 

သဉ္ဇာ

နိုင်ငံတော်က    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ    လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း လုပ်သားအင်အားထု   အရည်အချင်းပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများကို   ပိုမိုဖန်တီးပေးနိုင်ရေး၊   အစိုးရ၊ အလုပ်ရှင်၊  အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်စွာဖြင့်    တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်နိုင်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန် စည်းကြပ် ဆောင်ရွက်ရေး၊     လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်း ရေး၊ ပြည်တွင်း ပြည်ပတို့၌ သင့်လျော်ကောင်းမွန် သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ် စေရေး၊ လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်း များ  ဖွင့်လှစ်၍   လေ့ကျင့်သင်ကြားပေးရေး၊  လူမှု ဖူလုံရေးအာမခံအလုပ်သမားများအတွက်   လူမှု အကာအကွယ်နှင့်     ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်စေရေး၊   နိုင်ငံတော်၏  ကုန်ထုတ်လုပ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုစီးပွားဘဝမြင့်မားစေရေး၊    နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်       လုပ်သားအင်အားကို စနစ်တကျအကျိုးရှိစွာ      အသုံးချနိုင်စေရန်၊ အလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု    ပေးနိုင်စေရေးနှင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို    သက်ဆိုင်ရာ  ဥပဒေများနှင့် အညီ  အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်စေ ရေးတို့အတွက်   မူဝါဒများချမှတ်၍   အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ခေတ်ကာလအခြေအနေနှင့် 
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း
ရွှေ့ပြောင်းသွားလာခြင်းသည် ယနေ့ကမ္ဘာတွင် မရှိမဖြစ်  အရေးပါသော  အကြောင်းအရာတစ်ခု ဖြစ်လာပါသည်။    ရောယှက်ဆက်နွှယ်နေသော ကမ္ဘာ့ဈေးကွက်များ၊   နိုင်ငံဖြတ်ကျော်   ကူးလူး ဆက်ဆံမှုကွန်ရက်များ    ပေါ်ထွန်းလာခြင်းနှင့် ဆက်သွယ်ရေးနည်းပညာများ      လျင်မြန်စွာ တိုးတက်ထွန်းကားလာမှုများသည် လုပ်သားများ၊ ကျောင်းသားများ၊ အလုပ်သင်သင်တန်းသားများ၊ မိသားစုဝင်များနှင့်   ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုရွေ့လျားသွားလာစေရန်      ပံ့ပိုးပေးသည့် အကြောင်းအရာများဖြစ်ကြောင်း  တွေ့ရှိလာရပါ သည်။ ရွှေ့ပြောင်းသွားလာခြင်းဖြင့် ပိုမိုကောင်းမွန် သော   ဘဝနေထိုင်မှု၊ အလုပ်အကိုင်၊ အကျိုးခံစား ခွင့်တို့ကို   ရရှိခံစားနိုင်လိမ့်မည်ဟု  မျှော်လင့်ပြီး တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံများ ၏   စီးပွားရေးအခြေအနေ  ပြောင်းလဲမှုနှင့်အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့်    အလုပ်အကိုင်အခွင့်အလမ်းရရှိမှု   စသည့် အခြေအနေအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ 
မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၏ အခန်းကဏ္ဍ 
မြန်မာနိုင်ငံအနေဖြင့်    အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့    (International Organization for Migration- IOM) သို့  ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်   ၁၄၇  နိုင်ငံမြောက်  အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး IOM နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား ကို နှစ်စဉ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပ လျက်ရှိပါသည်။
၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ မြန်မာအလုပ် သမားများသည် အလုပ်အကိုင်အခွင့်အလမ်းများ အတွက်   ပြည်ပနိုင်ငံများသို့   သွားရောက်အလုပ် လုပ်ကိုင်ခဲ့ကြပါသည်။ 
နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ပြည်ပအလုပ်အကိုင်ရှာဖွေသူများအနေဖြင့်   ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင် နိုင်ရန်၊  အလုပ်သမားများ၏   ရပိုင်ခွင့်နှင့်  အခွင့် အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက် သည့် အခွင့်အရေးများ ရရှိခံစားနိုင်စေရန်၊ ပြည်ပ အလုပ်အကိုင်   အမျိုးအစားအလိုက်  ရရှိခဲ့သော အတွ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများ ကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ခွင့်ရရှိနိုင်ရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ် တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအား ပြဋ္ဌာန်း ခဲ့ပါသည်။
အဆိုပါဥပဒေအရ       ပြည်ပအလုပ်အကိုင် အကျိုးဆောင်      လိုင်စင်ရအေဂျင်စီမှတစ်ဆင့် လုပ်သားစေလွှတ်ရမည်ဖြစ်ရာ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေအရ    ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ  ၄၅၅ ခု ကို   ခွင့်ပြုပေးခြင်း၊  အလုပ်သမားစုဆောင်းခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ အလုပ် သမားဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်တွင် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ကို ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် ပြည်ပရောက် မြန်မာ အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေး နိုင်ရေးအတွက်        မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Overseas Employment Agencies Fedration-MOEAF) ကို   ဖွဲ့စည်းခြင်း၊  ပြည်ပနိုင်ငံများတွင်  အလုပ်သမားရေးရာကိစ္စများ  ပေါ်ပေါက်လာပါက တာဝန်ယူစေလွှတ်သည့်      အေဂျင်စီအနေဖြင့် အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် အမည်ခံအေဂျင်စီနှင့် မမှန်မကန် လုပ်ဆောင်နေ သည့်   အေဂျင်စီများကို  တားဆီးကာကွယ်ရေး အတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင် သည့် အေဂျင်စီများသာ လိုင်စင်အသစ် လျှောက်ထား နိုင်ရေး   စိစစ်ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မည့်သူများအတွက် ပြည်ပသို့မထွက်ခွာမီ   မှတ်ပုံတင်ပေးပြီးကြောင်း    အထောက်အထား သက်သေခံလက်မှတ်   ထုတ်ပေးခြင်းနှင့်   ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များက ပြည်ပသို့ မြန်မာလုပ်သားများ စေလွှတ်ပေးပို့ မှုကို   တည်ဆဲဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက် မှုများကို   လုပ်ဆောင်ပေးလျက်ရှိပါသည်။
အလားတူ    ရွှေ့ပြောင်းသွားလာသူများအား တရားဝင်ရွှေ့ပြောင်းသွားလာ၍      သက်ဆိုင်ရာ နိုင်ငံများ၏   ဥပဒေများနှင့်အညီ   ခံစားခွင့်များ ရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ပြည်ပသို့ စေလွှတ်မည့် အလုပ်သမားများအား လုပ်ငန်းခွင်အကြိုသင်တန်း ပို့ချပေးခြင်း၊ ပြည်ပအလုပ်အကိုင်လုပ်ငန်း အကျိုး ဆောင် လိုင်စင်ရအေဂျင်စီများမှ တင်ပြလာသော Demand Letter များအား စိစစ်ခြင်း၊ သက်ဆိုင်ရာ နိုင်ငံ    သံရုံးသို့  မှန်/မမှန် မေးမြန်းခြင်း၊ မြန်မာ  ရွှေ့ပြောင်းလုပ်သား အများဆုံးရှိသည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်   ကိုရီးယားနိုင်ငံတို့၌   မြန်မာ လုပ်သားများ၏ အလုပ်သမားရေးရာခံစားခွင့်များ ကို အပြည့်အဝရရှိစေရေးနှင့် ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက်   အလုပ်သမားသံအရာရှိများကို ခန့်ထားခြင်း၊ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်မှတ်ပုံတင်ပေးခြင်း၊ နှစ်နိုင်ငံအလုပ်သမားရေးရာ သဘောတူစာချုပ်များ ရေးထိုးဆောင်ရွက်ခြင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေ သူများအား ရပိုင်ခွင့်နှင့် အခွင့်အရေးများ  နစ်နာ ဆုံးရှုံးမှုမရှိစေရန်နှင့်   ရသင့်ရထိုက်သည့်  အခွင့် အရေးများ   အပြည့်အဝရရှိခံစားနိုင်၍  ပြည်ပသို့ စနစ်တကျ       သွားရောက်လုပ်ကိုင်နိုင်စေရန် တရားဝင်လမ်းကြောင်းများ ဖွင့်ပေးပြီး သွားလာမှု လွယ်ကူစေရန် လုပ်ဆောင်ခြင်းများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
အလုပ်သမားသံအရာရှိများ 
ထားရှိဆောင်ရွက်ခြင်း
ပြည်ပနိုင်ငံများရှိ မြန်မာအလုပ်သမားရေးရာကိစ္စရပ်များအား    ကူညီဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက်     အလုပ်သမား သံအရာရှိများအား        ကိုရီးယားသမ္မတနိုင်ငံ (၂၀၁၁ ခုနှစ်)၊ ထိုင်းနိုင်ငံ (၂၀၁၁ ခုနှစ်) ၊ မလေးရှား နိုင်ငံ (၂၀၁၃ ခုနှစ်) တို့တွင် စတင်ထားရှိပြီး မြန်မာ အလုပ်သမားများ   အများဆုံးသွားရောက်လုပ်ကိုင် သည့်  နိုင်ငံများတွင်  အလုပ်သမားသံအရာရှိများ တိုးမြှင့်ခန့်အပ်တာဝန်ပေးအပ်ရန်   စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါ အလုပ်သမားသံအရာရှိများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များရှိ မိမိတို့ မြန်မာနိုင်ငံ သားအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုမခံရစေ ရေး၊ ဥပဒေပါအခွင့်အရေးများ ပြည့်ဝစွာရရှိရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်နိုင် ရေးတို့အတွက် အငြင်းပွားမှုဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ   ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ သည်။
ထိုင်းနိုင်ငံသို့သွားရောက်မည့်  မြန်မာအလုပ်သမားများအား အထောက်အထားထုတ်ပေးခြင်း
ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား နိုင်ငံသားစိစစ်ခြင်း၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်  ထုတ်ပေးခြင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားထုတ်ပေး ခြင်းတို့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်  အလုပ် သမားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန်    မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certi-ficate of Identity –CI) စခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်   လိုင်စင်ရ အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်မှ လက်မှတ်ရေးထိုးပေးပို့သည့်     Employment Contract များကို အေဂျင်စီ၏ Managing Director က  လက်မှတ်ရေးထိုးအတည်ပြုပြီး  အေဂျင်စီနှင့် အလုပ်သမားများသည်  နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ သွားရောက်၍ အလုပ်သမားတစ်ဦးချင်းစီအလိုက် စာချုပ်ချုပ်ဆိုခြင်း၊         ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန       ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC ကတ်) များ ခွင့်ပြုထုတ်ပေးခြင်းများ ဆောင်ရွက်၍ စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း ၉၀  အတွင်း သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ ရောက်ရှိနိုင်ရန် ဆောင်ရွက်ရ  ပါသည်။ 
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းမြေပြိုကျမှုကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများအတွက် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ
၇-၈-၂၀၂၃ ရက်နေ့၊ နံနက်  ၁၀   နာရီခန့်တွင် ကရင်ပြည်နယ်   ကော့ကရိတ်မြို့နှင့်   မြဝတီမြို့ အကြားရှိ  တောနော်ရေတံခွန်အနီး၌  တောင်နံရံ လျှောဆင်းမြေပြိုကျခဲ့၍ ယာဉ်သွားလမ်း ပေ ၁၅၀ ခန့်ပျက်စီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာ၍ မရသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ လမ်းမြေပြိုမှုဖြစ်ပွားခဲ့သည့် နေရာအနီး တွင် ရန်ကုန်မြို့မှ ထွက်ခွာလာသော ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမား  ၆၆၀ ခန့် ရောက်ရှိနေကြောင်း သတင်းကြားသိသည်နှင့်  အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန  ကရင်ပြည်နယ် ရုံးတာဝန်ခံအရာရှိ သည်  သွားရောက်ခဲ့ပြီး လမ်းပျက်စီးသည့် ဧရိယာ ကျယ်ပြန့်ခြင်း၊ မိုးဆက်လက်ရွာသွန်းခြင်း၊ ခြေကျင် ဖြတ်သန်းရန်   မြေသားစိတ်မချရခြင်းတို့ကြောင့်  အလုပ်သမားများအား ဆက်လက်ဖြတ်သန်းခြင်း မပြုစေဘဲ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှု၊    သက်ဆိုင်ရာ   နယ်မြေခံတပ်ဖွဲ့တို့၏ ပူးပေါင်းကူညီပေးမှုတို့ဖြင့်         ရန်ကုန်မြို့တွင် ပြန်လည်စောင့်ဆိုင်းလိုသည့်      အေဂျင်စီနှစ်ခုမှ အလုပ်သမား ၁၀၀  ခန့်အား ရန်ကုန်မြို့သို့ ထွက်ခွာ နိုင်ရေး   စီစဉ်ဆောင်ရွက်ပေးခြင်း၊  ကျန်ရှိသော အလုပ်သမား  ၅၆၀  ခန့်အား လုံခြုံ၍ နေရာထိုင်ခင်း ကျယ်ပြန့်ပြီး သန့်စင်ခန်း၊ ရေ၊  မီး  ပြည့်စုံသည့် သာမညတောင်ခြေရှိ     ဘုန်းကြီးကျောင်းများ၌ ခေတ္တတည်းခိုနိုင်ရန် စီစဉ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ပါသည်။
ထို့ပြင်    အလုပ်သမားများအား    လမ်းခရီး ကောင်းမွန်သည့်အချိန်တွင် အမြန်ဆုံးစေလွှတ်နိုင် ရေး  ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များ၊ စီစဉ် ဆောင်ရွက်ရမည့် နည်းလမ်းများကို  ၈-၈-၂၀၂၃ ရက်နေ့တွင် စခန်းလဝကအဖွဲ့၊ တံတားလဝကအဖွဲ့၊ မဲဆောက်မြို့      အလုပ်သမားသံအရာရှိရုံးနှင့် မဲဆောက်မြို့    ထိုင်းနိုင်ငံ  အလုပ်အကိုင်ဌာန (Department of Employment-DOE)တို့နှင့် ဆွေးနွေးခြင်း၊    အလုပ်သမားများအား   ကူညီ စောင့်ရှောက်နိုင်ရန်    သက်ဆိုင်ရာ စေလွှတ်သည့် အေဂျင်စီများအား     အကြောင်းကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
လမ်းမြေပြိုမှု  ဖြစ်ပေါ်ခဲ့သည့် နေရာအနီးတွင် ဖြတ်သန်းသွားလာ၍ရနိုင်သည့် နေ့ရက်ဖြစ်သော ၁၁-၈-၂၀၂၃ ရက်နေ့၊  နံနက်  ၁၀   နာရီမှစတင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန      ကရင် ပြည်နယ်တာဝန်ခံအရာရှိ၊ မြဝတီမြို့ ကျောက်လုံး ကြီးရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံး တာဝန်ခံ အရာရှိနှင့် ကော့ကရိတ်မြို့ နယ်မြေခံတပ်ဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်၍   သက်ဆိုင်ရာ  အာဏာပိုင် အဖွဲ့အစည်းတို့၏ ကြီးကြပ်ကူညီမှုဖြင့် ဘားအံမြို့ သာမညဘုန်းကြီးကျောင်း၌     တည်းခိုနေသည့် MoU ဖြင့် စေလွှတ်မည့် ရွှေ့ပြောင်းအလုပ်သမား  ၅၆၀    ခန့်အား    မြေပြိုမှုဖြစ်ပွားသည့်အနီးရှိ လမ်းလျှောက်သွားလာနိုင်သည့် နေရာမှတစ်ဆင့် လမ်းလျှောက်၍      လမ်းပျက်စီးမှုဖြစ်ပွားသည့် နေရာကို    ဖြတ်ကျော်ပြီး  ခရီးသည်တင်ယာဉ်များဖြင့် တင်ဆောင်ကာ    မြဝတီမြို့   ကျောက်လုံးကြီး ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ခေါ်ဆောင် ခဲ့သည်ကို တွေ့ရှိရပါသည်။
၁၁-၈-၂၀၂၃ ရက်နေ့တွင်ပင် အဆိုပါ အလုပ် သမားများအနက် Passport ၊ OWIC  ကတ် စသည့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်စာရွက်စာတမ်း ပြည့်စုံ ပြီး ဝင်ရောက်ချိန်မီသည့် အလုပ်သမား  ၃၉၅ ဦး အား မြဝတီမြို့နယ်၊ ရွှေ့ပြောင်းအလုပ်သမားရုံးမှ အမှတ် (၂) ချစ်ကြည်ရေးတံတားသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လည်းကောင်း ပို့ဆောင်ခြင်း၊ အလုပ်သမား  ၃၉၅ ဦးလုံး အဆင်ပြေ ချောမွေ့စွာဖြင့်       သက်ဆိုင်ရာလုပ်ငန်းခွင်သို့ ဆက်လက်ထွက်နိုင်ရေး မဲဆောက်မြို့နယ် DOE ဌာနနှင့်    ညှိနှိုင်းဆောင်ရွက်ခြင်း၊   ကျန်ရှိသော အလုပ်သမား  ၁၆၅   ဦးအား မြဝတီမြို့၌ ညအိပ် ရပ်နားနိုင်ရန်    စီစဉ်ခြင်းများ   လုပ်ဆောင်ပေးခဲ့  ပါသည်။
အထောက်အထားပြည့်စုံသည့် အလုပ်သမား များအား ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားဥပဒေများ ကို ဆွေးနွေးပို့ချပြီးပါက သက်ဆိုင်ရာလုပ်ငန်းခွင် များသို့   စေလွှတ်သွားမည်ဖြစ်ကြောင်း    သိရပါ သည်။
အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ခြင်းကဏ္ဍများ
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ အလုပ်သမားများအား    ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်များတွင် အေးချမ်းသာယာစွာ လုပ်ကိုင် နိုင်ရေး၊ ခံစားခွင့်များ ပြည့်ဝစွာရရှိရေး၊ Industrial Relation ကောင်းမွန်စေရေးနှင့်  ဥပဒေပါ အခွင့် အရေးများ ခံစားခွင့်ရရှိနိုင်ရေးတို့အတွက် စည်းကြပ် ဥပဒေများနှင့်အညီ       အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပွား သည့်   အလုပ်သမားရေးရာ   အငြင်းပွားမှုများအား လုပ်ငန်းခွင်အဆင့်ဖြစ်သော အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် Bipartite ဆွေးနွေးခြင်း၊ ပြေငြိမ်းမှုမရရှိသည့် အငြင်းပွားမှုများအား အငြင်း ပွားမှုဖြေရှင်းရေးယန္တရားဖြင့်   ဖြေရှင်းပေးခြင်း၊  အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမား ရေးရာဥပဒေများအား သိရှိလိုက်နာဆောင်ရွက်နိုင် စေရေး အသိပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးခြင်း၊ ဥပဒေများအား စည်းကြပ်  အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တာဝန်ခံ ဝန်ထမ်းများအတွက်  စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ ပြုလုပ်ပေးခြင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး      အဖွဲ့ဝင်များအတွက် နှီးနှောဖလှယ်ပွဲများ      ကျင်းပပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ် စောင့်ရှောက်ပေးသကဲ့သို့    ပြည်ပနိုင်ငံများတွင် မိမိတို့နိုင်ငံသားများ အများဆုံးသွားရောက်သည့် နိုင်ငံများနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်း၊ အလုပ်သမားသံအရာရှိများ ခန့်အပ်၍ ၎င်းအရာရှိ များအနေဖြင့် မြန်မာအလုပ်သမားများ အလုပ်လုပ် ကိုင်ရန် အခက်အခဲရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်၍ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ပြည်ပ တွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် အခက်အခဲဖြစ်နေသည့် အလုပ် သမားများအား ကူညီထောက်ပံ့ခြင်း၊ အလုပ်သမား စေလွှတ်ခွင့် တောင်းခံထားသည့် စက်ရုံ၊ အလုပ်ရုံ များတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား များ၏ အခြေအနေ၊ အလုပ်ခေါ်စာတွင် ပါရှိသည့် အတိုင်း အမှန်တကယ်အလုပ်လုပ်ကိုင်မှု ရှိ/ မရှိ၊ နေထိုင်စားသောက်မှုအခြေအနေ၊ အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ပေးမှု အခြေအနေ များကို သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားများ စာချုပ် သက်တမ်းကာလပြီးဆုံး၍ ပြန်လည်စေလွှတ်ချိန် တွင် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေး ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။  
မြဝတီ - ကော့ကရိတ်        အာရှလမ်းမကြီး လမ်းပိုင်းမြေပြိုကျမှုကြောင့်    သွားရေးလာရေး အခက်အခဲများ တွေ့ကြုံရသည့်ကာလ၌ပင် အချိန် မဆိုင်းဘဲ    အလုပ်သမားများ၏  အကျိုးအား ဆောင်ရွက်ပေးခဲ့သည်ကို   တွေ့ရှိရသောကြောင့် အလုပ်သမားဝန်ကြီးဌာနသည် ကုန်ထုတ်စွမ်းအား ဖြင့် နိုင်ငံတော်ကြီးအား ပံ့ပိုးကူညီဆောင်ရွက်ပေး နေသည့် ပြည်တွင်းအလုပ်သမားများ၊ နိုင်ငံတစ်နိုင်ငံ ၏ လုပ်အားသယံဇာတဖြစ်သကဲ့သို့ မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံတို့၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်နေကြသော   ရွှေ့ပြောင်းအလုပ်သမားများ အတွက်  အားကိုးအားထားပြုရသည့်  ဌာနတစ်ခု ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။     ။