နေပြည်တော် နိုဝင်ဘာ ၂၅
နေပြည်တော်သို့ တပ်အင်အား ၁၄ဝဝဝ ခန့် ပြင်ဆင်ထားဆိုသော သတင်းမှာ လုပ်ကြံသတင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိတစ်ဦးက ပြောသည်။
“အဲဒီသတင်း မဟုတ်ဘူး။ နေပြည်တော်မှာ အေးချမ်းပြီးသားပါဗျာ။ ပေါက်ကရသတင်းတွေက သိတဲ့အတိုင်း၊ နေ့တိုင်း တက်နေတာ၊ ဒါက တစ်ဖက်အဖွဲ့အစည်းရဲ့ စီမံချက်တစ်ခုပဲ ဖြစ်မှာပါ။ ဒီလို သတင်းတုတွေကို ဖတ်မိရင် နေပြည်တော်မှာနေတဲ့သူတွေကို တုန်လှုပ်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ပဲ လုပ်တဲ့သဘောပေါ့။ ကျွန်တော် ပြောမယ်။ နေပြည်တော်မှာ တပ်အင်အား ၁၄ဝဝဝ လောက်နဲ့ ပြင်ဆင်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ လုံးဝပါ” ဟု အဆိုပါ တပ်မတော်အရာရှိက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် ဌာနချုပ်ကို တစ်နိုင်ငံလုံးရှိ ထိုးစစ်မှကာကွယ်ရန် တပ်အင်အား ၁၄ဝဝဝ ခန့်ဖြင့် ပြင်ဆင်ထားကြောင်း ရေးသားနေသည့် သတင်းမှာ သတင်းတု သတင်းမှားသာဖြစ်ပြီး ယင်းကို ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း အဆိုပါသတင်းနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သတင်းမှား များသာဖြစ်ကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကြံဇာတ်လမ်း ဆင်ပြီး ဝါဒဖြန့်ချိဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မျိုးခိုင်