
နေပြည်တော် ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည် အမျိုးသမီးတစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲ ရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခု သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထံမှ ဒီတိုနေတာ အခု ၁၀၀၀ ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ်(၁)ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များကို ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72၊ ခရီးစဉ်အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါ မည့် ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်(၂၀)နှစ် (ဘ) ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကတ်များဖြင့် ရောနှောသယ်ဆောင် လာသည့် (SOD- Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ အကြမ်းဖက် ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ ၉၈ ခုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးမမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါ ဒီတိုနေတာများကို သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက် ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(၄၀)နေ မအေးအေးချစ်(ခ)ဘုတ်ဆုံမ (၃၉)နှစ် (ဘ)ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီတိုနေတာများကို လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာ နေ မမိုးမြင့်လှိုင်၏ မိခင်ဖြစ်သူ ဒေါ်လောဟွေ(ခ)ဒေါ်ကြောင်ဖဟွေ(ခ)ဒေါ်တင်သိန်း(၆၃)နှစ်တို့ကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ်(ခ)ဘုတ်ဆုံမ၏ ထွက်ဆိုချက်အရ ညနေ ၄ နာရီခွဲတွင် ၎င်း၏နေအိမ်သို့ ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံအရှေ့ရပ်ကွက် အမြောက်တန်းဗလီဝင်းနေ ဦးသိန်းထွန်း(၄၇)နှစ် (ဘ) ဦးသိန်းမောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း(ခ)ဇိုင်တွန်ပီ (၄၂)နှစ် (ဘ)ဦးမြင့်ဦးတို့ကို ဒီတိုနေတာကတ်သီး တစ်ဘူးလျှင် ၁၀၀ ပါ ၁၀ ဘူး စုစုပေါင်း ၁၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါအကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့် ဖမ်းဆီးရမိသူ တရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်