တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး၊ လုပ်ငန်းများအချိန်မီပြီးစီးရေး အထူးအလေးထားဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၂၁


ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဖြူး - အုတ်ဖြတ် - မုန်းလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
 

 

ယင်းနောက်   ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်     စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တံတား ကြီး၏ ကွန်ကရစ်ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊  တံတားလက်ရန်းများ   ဆောင်ရွက်နေမှု၊ တံတား၏  Up Stream နှင့် Down Stream ရေလမ်း ကြောင်းအခြေအနေ၊ စက်ယန္တရားများဖြင့် တံတား ချဉ်းကပ်လမ်းဆောင်ရွက်နေမှုတို့ကို      ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးသည်။ 

 


စစ်တောင်းမြစ်ကူးတံတား  (အုတ်ဖြတ်)သည် ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  ဖြူး-အုတ်ဖြတ်- မုန်းလမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်းတံတားအရှည် ပေ ၆၂၀၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅၃ မီတာ၊ တံတားကိုယ်ထည် သံကွန်ကရစ်အပေါ်ထည်ပေ ၆၀   RC Girder   နှင့်  ပေ ၁၀၀ PC Girder, RC Slab နှင့် Hand Rail  တို့ဖြင့် တည်ဆောက်ထားပြီး တံတား ၏ ခံနိုင်ဝန်မှာ HS-25  ဖြစ်သည်။ 

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က  ရန်ကုန်-ပဲခူး- တောင်ငူ - မန္တလေး  ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်သည့် လေးအိမ်စု - မယင်း - ရွာဟောင်း လမ်း ကွန်ကရစ်ခင်းပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး - သနပ္ပင် - ခရမ်း- သုံးခွ - သန်လျင်လမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊  တံတားဦးစီး ဌာန တံတားအထူးအဖွဲ့ (၉)မှ အဆိုပါလမ်းပေါ်ရှိ အရှည် ပေ ၁၅၀ မုဒုတံတားသစ်နှင့် အရှည်ပေ ၁၂၀ သက္ကလတံတားသစ်   တည်ဆောက်ရေးအတွက် အကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှု ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  လမ်းဦးစီး ဌာနမှ ပဲခူး - သနပ္ပင် - ခရမ်း -သုံးခွ-သန်လျင်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) အား ယခင် ၁၂ ပေ လမ်းအဆင့်မှ ၁၈ ပေ အကျယ် ကတ္တရာလမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များ မှာကြားသည်။

 


ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး   ဒဂုံဆိပ်ကမ်းမြို့နယ် တွင် အဆောက်အဦဦးစီးဌာန  အဆောက်အဦအထူး အဖွဲ့ (၁)မှ ငါးထပ်ပြည်သူ့ဆေးရုံနှင့် Oncology Unit ရှစ်ထပ်အဆောက်အဦ      ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ အဆောက်အဦဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့က တည်ဆောက်ရေး လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက် ပြီး ဆောင်ရွက်ဆဲနှင့်  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို     ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊   လုပ်ငန်းများ   အချိန်မီ ပြီးစီးရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြား ပြီး အဆောက်အဦ   တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                                              

သတင်းစဉ်