တနင်္သာရီတိုင်းဒေသကြီး၌ ဘဏ္ဍာရန်ပုံငွေ ပိုမိုလျာထားပြီး တောင်သူများ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးမည်

 

မြိတ်  ဖေဖော်ဝါရီ   ၂၄


တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထု၏ ဝမ်းစာဖူလုံရေးအတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများကို လာမည့် ဘဏ္ဍာနှစ်တွင်   ပိုမိုလျာထားပြီး  တောင်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေသဝမ်းစာ ဖူလုံရေးနှင့်   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် မြိတ်မြို့နယ်အတွင်းရှိ တောင်သူများတွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 


တိုင်းဒေသကြီးအစိုးရအနေဖြင့်       ဒေသဝမ်းစာဖူလုံမှုရှိစေရန် တောင်သူများ၏ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် မိုးစပါး၊ နွေစပါး လျာထားဧကအတွက် မျိုးစပါးများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးပြီး မြိတ်ခရိုင် လယ်သမားအစု အဖွဲ့သို့ စုပေါင်းခြွေလှေ့စက်နှင့်   ထွန်စက်များ  ဝယ်ယူဖြည့်ပေးခဲ့ကာ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်နှင့် ထွန်စက်များကို  မြိတ်ခရိုင် စပါးစိုက် တောင်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်းမှ တောင်သူများအား လယ်ယာဝန်ဆောင်မှုများ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 


ဒေသတွင်းဝမ်းစာဖူလုံရန် စပါးစိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧက အထွက်နှုန်းတိုးတက်ရေး    ဆောင်ရွက်ကြရန်     လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင်   မိုးစပါးကို   ဧကနှစ်သိန်းကျော် စိုက်ပျိုးကြပြီး နွေစပါးအနေဖြင့် စိုက်ပျိုးမှုနည်းပါးကြောင်း၊ တိုင်းဒေသကြီး ဒေသ ဝမ်းစာဖူလုံမှုအနေဖြင့် ၇၂ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ဒေသခံ များ စားသုံးရန် ဆန်တန်ချိန်သုံးသိန်းခန့်လိုအပ်ကြောင်း၊ ဆန်စပါး ထွက်ရှိမှုအနေဖြင့် ဆန်တန်ချိန်နှစ်သိန်းနှစ်သောင်းခန့်သာ  ထွက်ရှိ သည့်အတွက်  ဆန်တန်ချိန်ခုနစ်သောင်းကျော် လိုအပ်ကြောင်း၊  ယခု ထက်   ပိုမိုပြီး   ဒေသဝမ်းစာဖူလုံမှုရှိအောင်    လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး    တောင်သူများအနေဖြင့်      စပါးအထွက် တိုးရန်အတွက်    စိုက်ပျိုးပေးကြစေလိုကြောင်း   တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားထားသည်။

 


တိုင်းဒေသကြီးအတွင်း    ယခုနှစ်တွင်   မိုးစပါး ၂၂၃၇၄၇ ဧကနှင့် နွေစပါး ၇၉၆၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး   မိုးစပါးအနေဖြင့်   တစ်ဧက အထွက်နှုန်း ၇၁ ဒသမ ၇၉ တင်းနှုန်းထွက်ရှိခဲ့၍   လာမည့်နှစ်တွင် စပါးစိုက်ဧကများမှ    အထွက်တိုးမျိုးစပါး     ပြောင်းလဲစိုက်ပျိုးရန်၊ တစ်တိုင်းလုံးတွင်   မိုးစပါး  ၅၆၈၂၄   ဧကနှင့်    နွေစပါး ၁၆၃၁ ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။          

ခိုင်ထူး (ပြန်/ဆက်)