
မြိတ် သြဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ ထိုင်းနိုင်ငံသို့ ငါးများ သွားရောက် ရောင်းချနေသည့် ကမ်းနီး ငါးသယ်လှေများတွင် VMS (Vessel Monitoring System) တပ်ဆင်ရမည်ဖြစ်ကြောင်း ရေ လုပ်ငန်းရှင်များထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်း ငါးဖမ်းဆီးခြင်း ဆောင်ရွက် နေသည့် ကမ်းဝေးငါးဖမ်း လှေကြီးအားလုံးတွင် VMS တပ်ဆင် ထားသကဲ့သို့ ငါးသယ်လှေကြီးများ တွင်လည်း VMS တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
“ကမ်းနီးငါးသယ်လှေတွေမှာ အရင်က VMS တပ်ဆင်ထားရတာ မရှိဘူး။ ကမ်းနီး ငါးသယ်လှေ လို့ဆိုရာမှာ နိုင်ငံခြားကို ငါး သွားရောက်ရောင်းချနေတဲ့ လှေတွေ ကို ဆိုလိုတာပါ။ ပြည်တွင်းမှာ ငါးသယ်ယူ ပို့ဆောင်ပေးနေတဲ့ ငါးဖမ်းလှေလေးတွေ မပါဘူး။ ငါးသယ်လှေကြီးတွေမှာက အရင် ကတည်းက VMS တပ်ဆင်ထား တာရှိတယ်။ အခုက ငါးသယ်လှေ ကလေးတွေပါ တပ်ဆင်ရမယ်လို့ သိရတယ်။ တနင်္သာရီတိုင်း ဒေသကြီးဘက်မှာက ထိုင်းနိုင်ငံ ကို ငါးသွားရောင်းရတာဆိုတော့ ထိုင်းကိုသွားနေတဲ့ ကမ်းနီးငါးသယ် လှေတွေမှာ တပ်ဆင်ရမှာပါ။
လာမည့် နိုဝင်ဘာလပိုင်းကျရင် ဒီညွှန်ကြား ချက်က အသက်ဝင်လာမှာ ဖြစ်ပါတယ်”ဟု မြိတ်မြို့မှ ငါးလှေပိုင်ရှင်တစ်ဦးက ပြောကြား သည်။
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းလှေများမှရရှိသော ငါးများကို ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေများတွင် VMS တပ်ဆင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ယခုလအတွင်း အသိပေးအကြောင်းကြားထား ကြောင်း သိရသည်။
“VMS တပ်ဆင်ရာမှာ သတ်မှတ်ညွှန်ကြား ချက်အတိုင်း မလိုက်နာဘူးဆိုရင် ဒဏ်ငွေ တပ်ရိုက်ခံရနိုင်တယ်။ နောက်ထပ်တွေ့ရှိပါက လှေနှင့် လုပ်ငန်းပါ အသိမ်းခံရနိုင်ပါတယ်။ ဒဏ်ငွေကျပ်သိန်း ၃၀၊ လုပ်ငန်းယာယီရပ်နား တာ၊ နောက်ထပ်ဒဏ်ငွေတိုးတာ၊ လုပ်ငန်း ယာယီရပ်နားခိုင်းတာ ပိုကြာမြင့်တာမျိုး၊ သုံးကြိမ်မြောက်ဆိုရင် ဥပဒေအရ အရေးယူ ခံရပြီး လုပ်ငန်းအပြီးတိုင် ရုပ်သိမ်းခံရတာမျိုးတွေ ရှိပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပင်လယ်ပြင်အတွင်း လုပ်ကိုင်လျက်ရှိသော ငါးဖမ်းလှေများနှင့် ငါးသယ်လှေများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မြိတ်မြို့တို့တွင် စောင့်ကြည့်ရေးစင်တာများ ထားရှိကာ စောင့်ကြည့်ဆောင်ရွက်နေကြောင်းနှင့် ကမ်းဝေး လှေကြီးများနှင့် ငါးသယ်လှေကြီးများတွင် VMS ကို အမြဲတမ်းတပ်ဆင်ထားရပြီး ငါးဖမ်းရာသီ ရပ်နားထားရသည့် အချိန်များတွင် VMS တပ်ဆင်ကာ လစဉ်ကြေး ပေးဆောင်ရ ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)