တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားများနှင့် စေတီများသို့ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန်   နိုဝင်ဘာ   ၁၈

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပ သည့် ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော် နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။


ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် အာရုံခံမုခ်ဦး လေးခုရှိ ကကုသန္ဓ ရုပ်ပွားတော်၊ ကောဏဂမနရုပ်ပွားတော်၊ ကဿပ ရုပ်ပွားတော်၊ ဂေါတမရုပ်ပွားတော်နှင့် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့ကို ရွှေကြာသင်္ကန်းကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများက ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းတို့ ဆက်ကပ်လှူဒါန်းကြသည်။


 ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက     ကုသိုလ်အစုစုတို့အား  အမျှပေးဝေခြင်း၊  အရပ် ဆယ်မျက်နှာမေတ္တာပို့ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူ ကောင်းမှုကုသိုလ်အတွက် ရွှေတိဂုံစေတီတော် ပတ်ပတ်လည်ရှိ ဆီမီးခုံ များ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။


ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်
အလားတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍    တန်ဆောင်မုန်းလပြည့်(သာမညဖလ အခါတော်နေ့)သာမညဖလသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင်   စေတီတော်ရင်ပြင်ရှိ   အောင်မြေ၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များက စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။


  ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက     ထိခြင်းငါးပါးဖြင့်   ရှိခိုးပူဇော်ကန်တော့ခြင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ သာမညဖလဒေသက ဗုဒ္ဓဝန္ဒနာဘုရားရှိခိုးဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြတ်စွာဘုရား အား ဩကာသကန်တော့ချိုးဖြင့် ညီညာစွာကန်တော့၍ သရဏဂုံသုံးပါး နှင့် ငါးပါးသီလ ခံယူဆောက်တည်ကြခြင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့အကြောင်း သိမှတ်ဖွယ်ရာများကို ဖတ်ကြား ပူဇော်ခြင်း၊ သံဃာ့ကျေးဇူးအထူးသိဖွယ်ကဗျာကို ရွတ်ဖတ်ပူဇော်ခြင်း မေတ္တာပို့ခြင်း၊ အမျှဝေခြင်းစသည်တို့ကို ဆောင်ရွက်ကြသည်။


သီရိမင်္ဂလာကမ္ဘာအေးစေတီတော်


ထို့ပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ကို   ယနေ့နံနက်  ၇  နာရီခွဲတွင်   စေတီတော်ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍတိ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဂ္ဂဓမ္မ ထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်း များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော် များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဆရာတော်သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မထံမှ အနုမောဒနာတရားတော် များ  နာယူကြည်ညိုကြပြီး  လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက စေတီတော် ဂန္ဓကုဋိတိုက်အတွင်းရှိ    ရုပ်ပွားတော်များအား   သင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။


ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူ ကောင်းမှုကုသိုလ်အတွက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ပတ်ပတ် လည်ရှိ ရင်ပြင်၌  ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
စွယ်တော်မြတ်စေတီတော်(ရန်ကုန်)
ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်း အနားကို ယနေ့နံနက် ၈နာရီခွဲတွင် စွယ်တော်မြတ်စေတီတော်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍတိ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဂ္ဂဓမ္မနှင့် ဩဝါဒါစရိယဆရာတော်ကြီးများက စွယ်တော်မြတ် စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။
ထို့နောက်    ဂေါပကအဖွဲ့ဝင်များက ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၏ ဂန္ဓကုဋိတိုက်အတွင်း သတင်း သုံးတော်မူသော မုဒြာကိုးဆူတို့အား ရွှေကြာသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူ ကောင်းမှုကုသိုလ်အတွက် ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ် စေတီတော်(ရန်ကုန်) ပတ်ပတ်လည်ရှိ ရင်ပြင်၌  ဆီမီးများထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။


မယ်လမုစေတီတော်


ဆုတောင်းပြည့် မယ်လမုစေတီတော်၏ တန်ဆောင်မုန်းလပြည်နေ့ (သာမညဖလ အခါတော်နေ့)တွင် ပဋ္ဌာန်း(၅)ကျမ်း ရွတ်ဆိုပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပရာ ဆုတောင်းပြည့် မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး နည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ များက ပဋ္ဌာန်း(၅)ကျမ်းကို ရွတ်ဖတ်ပူဇော်ကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူ ကောင်းမှုကုသိုလ်အတွက်   ဆုတောင်းပြည့်  မယ်လမုစေတီတော် ပတ်ပတ်လည်ရှိ ရင်ပြင်၌  ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်း ကြသည်။


လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်
လောကချမ်းသာ   အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ကကြီးမှူး၍ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ရုပ်ပွားတော်မြတ်ကြီး၌ ကျင်းပရာ  ဂေါပက အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူဒါန်းပူဇော်ကြသည်။
ကျိုက်ဝိုင်းစေတီတော်
ရှေးဟောင်းသမိုင်းဝင်     အပရာဇိတဆံတော်ရှင်  ကျိုက်ဝိုင်း စေတီတော်ဂေါပကအဖွဲ့ကကြီးမှူး၍ ယနေ့ညပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ပွဲ အခမ်းအနားကို   ကျင်းပရာ  ဂေါပကအဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းများနှင့် ဘာသာရေးအသင်းအဖွဲ့များက စေတီတော်ရင်ပြင် ပတ်ပတ်လည်၌ ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
  အလားတူ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးတို့ ပူဇော်၍ ဆုတောင်းကြခြင်း၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှုပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြသည်။


သတင်း - ကိုကိုဇော်၊ ကျော်ကျော်၊ ဓာတ်ပုံ - လတ်လတ်(MNA)