
မန္တလေး နိုဝင်ဘာ ၁၈
ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့်အားလျော်စွာ (သာမညဖလ အခါတော်နေ့) အခမ်းအနားကို ရှေးထုံးတမ်း စဉ်လာမပျက် ကျင်းပကြသည်။
စည်ကားလျက်ရှိ
မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိ ရုပ်ရှင်တော်မြတ်အား ယနေ့ နံနက် ၄ နာရီတွင် ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ အမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ ရေချမ်း၊ ပန်းများ ကပ်လှူပူဇော် ခြင်း၊ ဘုရားဖူး လာ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူပြည်သူ များကလည်း မဟာမုနိရုပ်ရှင် တော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော် ခြင်း၊ ဝတ်အသင်းအဖွဲ့များက ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ် ပူဇော်ခြင်းနှင့် တရားဘာဝနာ အားထုတ်ကြသူများဖြင့် စည်ကား လျက်ရှိသည်။
ဆက်လက်၍ နံနက် ၅ နာရီတွင် မဟာမုနိဂေါပကအဖွဲ့က ကြီးမှူး၍ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး အား (၃၂) ကြိမ်မြောက် မသိုးမြတ် သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ပူဇော်မည့်တဘက် တော်နှင့် မသိုးသင်္ကန်းတော်မြတ် ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများအား စက်ချုပ်အဖွဲ့နှင့် တဘက်ပညာရှင် များက ပေးအပ်ကြသည်။
ထို့နောက် ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ အရှင်သူမြတ် အမှူးပြု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက တဘက်တော်ကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိ သူများက သင်းပိုင်သင်္ကန်းတော် ကိုလည်းကောင်း၊ မဟာမုနိ ဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ ရက်ကန်းနှင့် စက်ချုပ်ပညာရှင် များအဖွဲ့၊ မဟာမုနိဂေါပက ဝန်ထမ်းများ၊ ဓမ္မစကြာဝတ်အဖွဲ့ တို့က ဧကသီသင်္ကန်းတော်ကို လည်းကောင်း ကိုင်ဆောင်၍ မဟာမုနိ ရုပ်ရှင်တော်မြတ်အား လက်ယာရစ်သုံးပတ် လှည့်လည် ပူဇော်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က မဟာမုနိ ရုပ်ရှင်တော်မြတ်အား မသိုးသင်္ကန်းတော်ကို လွမ်းခြုံ ပူဇော်ကန်တော့ကြသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက မသိုးမြတ်သင်္ကန်းတော် ကို လုပ်အားဒါနပြု ရက်လုပ်ခဲ့ကြ သော ရေကြည်၊ ပေါက်၊ အုန်းတော၊ အင်းလေး ဒေသရက်ကန်းပညာ ရှင်များအဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်များအဖွဲ့၊ ဗုဒ္ဓ ဝေယျာဝစ္စအဖွဲ့များအား ဂုဏ်ပြု ဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
တန်ဆောင်မုန်း လပြည့်နေ့ နေ့ခင်းနှင့် ညပိုင်းတို့တွင်လည်း မန္တလေးတောင် ဆုတောင်းပြည့် ဘုရား၊ ကျောက်တော်ကြီး၊ စန္ဒာမုနိ ကုသိုလ်တော်ဘုရား၊ မဟာ လောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင့် ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်း ရဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ချမ်းသာရဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ နန်းမြို့ ဆုတောင်းပြည့်ဘုရား စသည့် တန်ခိုးကြီးဘုရား စေတီတော်တို့ တွင် ရွှေသင်္ကန်းများ၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းတော်များ ဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော် ခြင်းများ၊ တရားဘာဝနာ အား ထုတ်ကြသူများ၊ ပဋ္ဌာန်းဒေသနာ တော် ရွတ်ဖတ်ပူဇော်ကြသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများနှင့် အသင်းအဖွဲ့ များကို အလှူရှင်များက စတု ဒိသာ မုန့်လုံးရေပေါ်၊ မဲဇလီဖူး သုပ်နှင့် ကြာဆံဟင်းများ ကျွေးမွေးကုသိုလ်ပြုကြပြီး အထူး စည်ကားလျက်ရှိသည်။
တင်မောင်-မန္တလေး