
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
***************************
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်
၁။ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများ အတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း (၇ဝဝိ/-) နှင့် လျှောက်လွှာတစ်စောင် (၂ဝဝိ/-) စုစုပေါင်း (၉ဝဝိ/-) ကျသင့်ပါမည်။
၃။ စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊(၅)၊(၆)၊(၇)၊(၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။
၄။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇ဝဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်။
၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇ဝဝိ/-) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက်များအတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။
၆။ စာဖြေသူ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာပုံစံတွင် မိဘအမည်၊ မွေးသက္ကရာဇ်များ ကို ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန်ကန်စွာဖြည့်စွက်ရေးသွင်းရန် လိုအပ်ပါမည်။
၇။ စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး သတ်မှတ်ရက် များအတွင်း အချိန်မီပေးပို့ရန် ဖြစ်ပါသည်။
၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ်(၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့တို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန