
နေပြည်တော် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA(PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူး နှင့် ဗဟိုကော်မတီဝင် စောမောင်မောင်တို့ တက်ရောက်ကြသည်။
လက်တွေ့ကျကျ အကောင်အထည်ဖော်
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်တိုင်း၌ တိုင်းရင်းသားလူမျိုးတစ်ခုတည်း သာ သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသား ပေါင်းစုံ အတူတကွပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စု အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြမည့် အခြေ အနေ၊ ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံတည်ဆောက် ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိ ပြည်နယ်နှင့် မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ရန် လိုသည့်အခြေအနေ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် များ ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီ ချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြုလုပ်သွားမည်
အဆိုပါ ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်း ရေး ကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်