
နေပြည်တော် စက်တင်ဘာ ၂၇
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ် ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “နိုရူ” သည် ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့၏အရှေ့ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ နိုရူ ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ၂၈-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းခြေကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကာ အပူပိုင်း မုန်တိုင်း “နိုရူ” အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရသည်။ အဆိုပါတိုင်ဖွန်းမုန်တိုင်း “နိုရူ” သည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ကုန်တွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “နိုရူ” ၏ အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်မြင့်ဒေသအနီး တွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာ ရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ