နေပြည်တော် ဇူလိုင် ၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၄၁၅ ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၅၇၂ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌ ဒေသခံပြည်သူ ၁၄၈၁၅ ဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် တောင်ငူ မြို့တို့၌ ဒေသခံပြည်သူ ၁၂၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်း များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၈၇၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၅၇၂၄၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၉၄၈၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



