
နေသူရဇော်
စားဝတ်နေရေးလို့ခေါ်တဲ့ လူ့ဘောင်လောကရဲ့ လိုအပ်ချက်တွေထဲမှာ နေ့စဉ် စားသောက်နေရဖို့က အခြေခံအကျဆုံးအရာတစ်ခု ဖြစ်ပါတယ်။ စားသုံးကြရတဲ့ အစားအစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးပါလှသလို အစားအစာများဟာ အာဟာရပြည့်ဝဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်လာပါတယ်။ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေကို ဖန်တီးတဲ့နေရာမှာ မပါမဖြစ် အသုံးပြုနေကြရတဲ့ စားသုံးဆီ သန့်ရှင်းရေးနဲ့ ဖူလုံစွာထုတ်လုပ်နိုင်ရေးဟာ မျက်မှောက်ခေတ်ရဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့လူဦးရေတိုးတက်လာတာနဲ့အတူ ပြည်တွင်းစားသုံးဆီလိုအပ်မှုဟာ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးဆီတွေကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ် လာပြီပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်းကို စားသုံးဆီအတွက် အဓိက ထား စိုက်ပျိုးထုတ်လုပ်လျက် ရှိပါတယ်။ မြန်မာ့ ရေမြေရာသီဥတု အခြေအနေအရ “ မြန်မာ့ဆီအိုး ကြီး”ဟု တင်စားခေါ်ဝေါ်ကြသော မကွေးတိုင်းဒေသ ကြီးတွင် အများဆုံးစိုက်ပျိုးပြီး မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့မှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း စားသုံးမှုအတွက် အဓိကဖြန့်ဖြူးပေးလျက် ရှိပါ တယ်။
စိုက်ပျိုးလွယ်သီးနှံအစားထိုးစိုက်ပျိုးလာ
ဆီထွက်သီးနှံတွေဟာ အခြားသီးနှံတွေထက် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်နည်းပြီး အထွက် နှုန်းများစွာ ကောင်းမွန်မှုမရှိတဲ့အတွက် တောင်သူ တွေ ဝင်ငွေနည်းခြင်း၊ ပိုးမွှားရောဂါ နှိမ်နင်းနိုင်မှု အားနည်းခြင်းအပြင် ရိတ်သိမ်းပြီးလျှင် ဆက်လက် လုပ်ဆောင်ရမယ့် နည်းပညာတွေ (ရိတ်သိမ်းချိန်လွန် နည်းပညာ)ကို လိုက်နာနိုင်မှု အားနည်းခြင်း တို့ကြောင့် သီးနှံအရည်အသွေးအရ စံနှုန်းပြည့်မီဖို့ခက်ခဲနေသေးတဲ့အတွက် ဈေးကွက်ရောင်းချတဲ့ အချိန်မှာ ကောင်းမွန်တဲ့ ရောင်းဈေးကို မရနိုင် သဖြင့် ဆီထွက်သီးနှံအစား အခြားသော စိုက်ပျိုးရလွယ်ကူတဲ့ ကောက်ပဲသီးနှံတွေကို အစားထိုးစိုက်ပျိုးလာကြပါတယ်။ ဒါ့အပြင် လူဦးရေ တိုးပွားလာခြင်းနဲ့အတူ ဆီစားသုံးမှု မြင့်မားလာ ခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး ပြည်ပမှ စားသုံးဆီကို တင်သွင်းနေရခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရ ပါတယ်။
ပြည်ပစားအုန်းဆီ နှစ်စဉ်တင်သွင်း
မြန်မာ့ဆီထွက်သီးနှံကို စုစုပေါင်းစိုက်ပျိုးမြေရဲ့ ၁၆ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးနိုင်ပြီး ထွက်ရှိ လာတဲ့ ဆီထွက်သီးနှံတွေထဲကမှ သီးနှံလုံးဆန် မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချနေရပြီး ပိုလျှံတဲ့ ဆီထွက်သီးနှံ လက်ကျန်ဟာ ပြည်တွင်းဆီလိုအပ်ချက်ကို မပြည့်မီ တော့ဘဲ ပြည်ပကနေ စားအုန်းဆီတွေကို နှစ်စဉ် တင်သွင်းနေရပါတယ်။ ယင်းဆီတွေမှာ သယ်ယူ ပို့ဆောင်ရေး ခရီးရှည်လျားခြင်းနဲ့ သိုလှောင် ဖြန့်ဖြူးမှု လုပ်ငန်းအဆင့်ဆင့်မှာ အခက်အခဲတွေ ရှိတာကြောင့် အရည်အသွေးတွေ ကျဆင်းကာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေ ပါတယ်။ ဒါပေမယ့် ဈေးနှုန်းသက်သာတဲ့ အတွက် ပြည်တွင်းစားသုံးဆီဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို နေရာယူထားပြီး ပြည်တွင်း ထုတ်လုပ်မှုတွေကို ထိခိုက်လာတဲ့အထိ ကြုံတွေ့ ခဲ့ရပါတယ်။
ရင်းနှီးမြှုပ်နှံဖို့လိုအပ်
စားသုံးသူတွေရဲ့ကျန်းမာရေးနဲ့ နိုင်ငံ့ထွက်ငွေ ကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံကို ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေးဟာ အရေးကြီးသလို ထွက်ရှိလာတဲ့သီးနှံတွေကို အရည်အသွေးပြည့်ဝတဲ့ စားသုံးဆီတွေအဖြစ် ကြိတ်ခွဲထုတ်လုပ်ပေးနိုင်မယ့် စက်မှုလုပ်ငန်းတွေကိုလည်း ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။
သီးနှံစိုက်တောင်သူတွေ အလားအလာကောင်း
နိုင်ငံတော်အနေနဲ့လည်း စားသုံးဆီဖူလုံရေး အတွက် ပြည်တွင်းမှာ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို အားပေး ကူညီပြီး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ပထွက်ငွေ လျှော့ချနိုင်ဖို့အတွက် မူဝါဒတွေ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အရည်အသွေးပြည့်ဝတဲ့ စားသုံးဆီ တွေ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အကျိုးကျေးဇူးတွေ ပိုမိုရရှိ နိုင်မယ့် အလားအလာကောင်းတွေကို မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးတာဟာ ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေကို ရရှိစေနိုင်ရုံ သာမက ဆီကြိတ်ရာမှ ထွက်ရှိလာတဲ့ ပဲဖတ်၊ နှမ်းဖတ်တွေကို တိရစ္ဆာန်အစာအဖြစ်လည်း သုံးစွဲ နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆီထွက်သီးနှံ စိုက်ပျိုး တဲ့ တောင်သူတွေအနေနဲ့ မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နိုင်ကြောင်း တွေ့ရှိရပါတယ်။ စိုက်ပျိုးထွက်ရှိလာတဲ့ ထွက်ကုန်တွေကို သီးနှံ လုံးဆန်အနေနဲ့ ရောင်းချတာအပြင် ဆီအဖြစ် ကြိတ်ခွဲပြီး ရောင်းချနိုင်သလို ဆီကြိတ်ရာမှ ထွက်ရှိလာတဲ့ ကြိတ်ဖတ်တွေကို တိရစ္ဆာန်အစာ အဖြစ် ပြန်လည်အသုံးပြုနိုင်တာကြောင့် ဝင်ငွေ များစွာ ရရှိနိုင်ပါတယ်။ တိရစ္ဆာန်စာတွေမှာလည်း ပြည်ပမှ တင်သွင်းနေရတာဖြစ်ပြီး ဆီထွက်သီးနှံ ကိုသာ ပိုမိုစိုက်ပျိုးပြီး ဆီကို တိုးတက်ထုတ်လုပ် နိုင်ပါက ပြည်ပကနေ တင်သွင်းရတဲ့ စားအုန်းဆီနဲ့ တိရစ္ဆာန်အစာအတွက် ကုန်သွယ်မှုလိုငွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
ပိုလျှံသည့်ဆီထွက်သီးနှံရောင်းချနိုင်
အချုပ်အားဖြင့်ဆိုရလျှင် ဆီထွက်သီးနှံကို ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်ကာ အာဟာရပြည့်ဝတဲ့ စားသုံးဆီများကို ရရှိနိုင်မည့်အပြင် ပိုလျှံသည့် ဆီထွက်သီးနှံများကို သီးနှံလုံးဆန်အနေနှင့် သော်လည်းကောင်း၊ စားသုံးဆီအဖြစ်သော်လည်းကောင်း ရောင်းချနိုင် ခြင်း၊ ဆီကြိတ်ရာမှ ထွက်ရှိလာမယ့် ကြိတ်ဖတ်များ ဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကာ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်ခြင်း တို့ကြောင့် ဝင်ငွေတိုးတက်လာမည်မှာ မလွဲဧကန် ဖြစ်၍ ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ် သင့်ပါကြောင်း တိုက်တွန်းရေးသား ဖော်ပြလိုက်ရ ပါတယ်ခင်ဗျာ။ ။
- Log in to post comments