
မန္တလေး အောက်တိုဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့နှင့် အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ် အားထုတ်လုပ်ရေး စီမံကိန်းနှင့် ရဲရွာရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင်များသည် နံနက်ပိုင်းတွင် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ် အားထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင် ၌ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များကို အားပေး ဆောင်ရွက်လျက်ရှိရာ စက်မှုဇုန် များအတွက် အရေးကြီးသော လျှပ်စစ်ဓာတ်အား ရရှိရေးကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းထုတ်လုပ်ပေးလျက်ရှိပါ ကြောင်း၊ စက်မှုဇုန်များ လိုအပ် ချက်အတိုင်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရန်မှာ ကန့်သတ် ချက်များ ရှိနိုင်သဖြင့် ပုဂ္ဂလိကပိုင်း မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုတို့ကို လေ့ လာသိရှိပြီး ပါဝင်ဆောင်ရွက်နိုင် ရန်အတွက် မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ ယခုလို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စက်မှုဇုန်တွင် စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ အခြေအနေအပေါ် မူတည်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ခြင်းကို စနစ် တကျ စီစဉ်ဆောင်ရွက်နိုင်ပါက မိမိတို့ လိုအပ်ချက်အတိုင်း သုံးစွဲ နိုင်မည့်အပြင် ပိုလျှံမည့် လျှပ်စစ် ဓာတ်အားကို နိုင်ငံတော် လျှပ်စစ် ဓာတ်အားလိုင်းသို့ ဆက်သွယ် ပေးပို့၍ ရောင်းချနိုင်မည်ဖြစ်ပါ ကြောင်း၊ ယင်းအတွက် လိုအပ် သည်များကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် ညှိနှိုင်းပေါင်းစပ် ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ယခုအခါ လူမှုမီဒီယာများတွင် သတင်းတု၊ သတင်းမှားများ ပျံ့နှံ့ လျက်ရှိရာ နိုင်ငံတော်မီဒီယာ အနေဖြင့် သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်နိုင်ရေး မီဒီယာပလက်ဖောင်း အမျိုးမျိုး မှ စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကုန်ထုတ်လုပ်ကို အခြေခံသည့် စက်မှုဇုန်များ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန် လမ်းညွှန်ထားပါကြောင်း၊ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ၍ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက် မီဒီယာနည်းလမ်းဖြင့် ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ တော်အစိုးရအနေဖြင့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးကူညီ ဆောင်ရွက်နေမှု နှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး စီစဉ် အသုံးပြုနိုင်ရန်ဖြစ်ပါကြောင်းနှင့် အခြားစက်မှုလုပ်ငန်းရှင်များကိုလည်း အသိပညာမျှဝေပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် Green Power Energy Co.,Ltd မှ တာဝန်ရှိသူ များက မန္တလေးတိုင်းဒေသကြီး အတွင်း သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု စီမံကိန်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စတင်ဆောင်ရွက်ခဲ့မှု၊ ယခု တောင်တော်ကွင်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်း ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှု နှင့် ထပ်မံ၍ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က MRTV DTH တစ်စုံကို တောင် တော်ကွင်း နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ အတွက် ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင်များသည် စက်ရုံစီမံကိန်း နယ်မြေအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း များ ဆောင်ရွက်မှုအခြေအနေကို မော်တော်ယာဉ်များဖြင့် လှည့် လည်ကြည့်ရှု လေ့လာကြသည်။
တောင်တော်ကွင်း နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ် သံရွာအနီးရှိ တောင်တော် ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီး မြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ပြီး ဆောင်ရွက်ခဲ့ရာ ယခု အခါ လုပ်ငန်းတစ်ခုလုံး၏ ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ကျောက်ဆည်ခရိုင် ရဲရမန်းရွာ အနီးရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွား ရောက်ကြရာ ရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဒေါက်တာ ဝင်းမြင့်နှင့် တာဝန်ရှိသူများက စက်ရုံ တည်နေရာ၊ နှစ်အလိုက်ဓာတ်အား ထုတ်လုပ်မှု၊ နှစ်အလိုက်ရေ ဝင်ရောက်မှု၊ ဓာတ်အားပေး စက်ကြီးများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်မှုနှင့် ရေလှောင်တမံ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက်မှုတို့ကို ရှင်းလင်း တင်ပြကြရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ယခုကဲ့သို့ ရေအား ဖြင့် စဉ်ဆက်မပြတ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် စောင့်ကြည့်ထိန်းသိမ်း ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ကိုလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ် စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကိုလည်း ကြိုးပမ်း ဆောင် ရွက်နေခြင်းဖြစ်ပါကြောင်း စက်မှုလုပ်ငန်းရှင်များအား ရှင်း လင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် မန္တလေး စက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ရဲရွာ ရေအားလျှပ်စစ်ဓာတ်အား ပေး စက်ရုံအတွင်း လှည့်လည် ကြည့်ရှု လေ့လာကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်တို့က စက်ရုံဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာနှင့် ဆုငွေများ ပေးအပ်သည်။
ရဲရွာ ရေအားလျှပ်စစ်ဓာတ် အားပေး စက်ရုံကို မြစ်ငယ်မြစ် ပေါ်တွင် ကွန်ကရစ်တမံအမျိုး အစားဖြင့် ၂၀၀၁ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ရာ ရေလှောင်ပမာ ဏမှာ ၂၁ သိန်း ဧကပေရှိပြီး ၇၉၀ မဂ္ဂါဝပ် စက်အင်အား တပ်ဆင်ထားကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ဆည်ရေဝင်ရောက် မှု ပမာဏအပေါ်မူတည်၍ စက် များ စတင်လည်ပတ်ခဲ့ရာ ယခု အခါ ဆည်ရေပြည့်ဝစွာ သိုလှောင် နိုင်ပြီဖြစ်၍ စက်စွမ်းအားပြည့်ဖြင့် လည်ပတ်နိုင်ပြီး လျှပ်စစ်ဓာတ် အားများ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်