
ဘားအံ မတ် ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘားအံမြို့နယ် အတွင်း ရှိ တောင်သူကုန်း-ဖအွံ- မိန်းမလှကျွန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၀ ရက် နံနက်ပိုင်း က အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက လမ်းဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသော တောင်သူကုန်း၊ ဖအွံ၊ မိန်းမလှကျွန်း ကျေးရွာများမှ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် လမ်းမှာ ကရင်-မွန်ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင် အဖြောင့်လမ်းအား ချိတ်ဆက်သည့်လမ်း ဖြစ်သည့်အတွက် ပြည်နယ်၏ ထုတ်ကုန်များစီးဆင်း နိုင်သည့် အဓိကလမ်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျေးရွာချင်းဆက်လမ်းများ ဖွင့်လှစ်ပေးနိုင်ခြင်း ကြောင့် ကျေးလက်နေပြည်သူများ၏ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ပြီး ဒေသတွင်း ထုတ်ကုန်များအား ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ၊ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူ များအနေဖြင့် လမ်း၊ တံတားများ ရေရှည်တည်တံ့ အောင် ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးစောကျော်ဝင်း က လမ်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ) က ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များထံ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လမ်းအား ကြည့်ရှုစစ်ဆေး၍ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
တောင်သူကုန်း - ဖအွံ - မိန်းမလှကျွန်းလမ်းမှာ ၃ မိုင် ၄ ဖာလုံရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လ ဘတ်ဂျက် ၂၁၈ ဒသမ ၇၅ သန်းဖြင့် ကြာအင်းအိမ်ကုမ္ပဏီမှ ကွန်ကရစ်လမ်း ၆ ဖာလုံ အား ဆောင်ရွက်ပြီးစီး၍ ယနေ့ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအခါ ခြံကလေး-တောင်သူကုန်း-ဖအွံ-မိန်းမလှ ကျွန်းလမ်း အရှည် ၉ မိုင် ၅ ဖာလုံအား ၁၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် ရာနှုန်းပြည့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)