
ယဉ်လာဒ်
ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ အတွေ့ရ များတဲ့ ရိုးရာဓလေ့ပွဲတော်အချို့ အကြောင်းကို ဒီတစ်ပတ်မှာ မြန်မာ့ အလင်း စာဖတ်ပရိသတ်ကြီးအတွက် မျှဝေလိုပါတယ်။
အဲဒီပွဲတော်တွေကတော့ တောင်ရိုး တိုင်းရင်းသားတို့ရဲ့ ပွဲတော်တွေဖြစ်တဲ့ တာတက်ပွဲ၊ မီးလုံးပွဲ၊ လက်စားချို လက်စားဆပ်ပွဲတို့ဖြစ်ပါတယ်။ တန်ခူးလ နဲ့ ကဆုန်လတွေမှာ တောင်ရိုးတိုင်းရင်း သားတွေ အများဆုံးနေထိုင်ကြတဲ့ ကလောမြို့မှာတော့ ဘုရားသွား ကျောင်းတက်နဲ့ တစ်ရွာဝင်တစ်ရွာထွက် ပျော်ပျော်ပါးပါး ကျင်းပလေ့ရှိတဲ့ လက်စားချို လက်စားဆပ်နဲ့ တာတက်ပွဲ တွေကို မြို့နယ်အတွင်း ကျေးရွာအလိုက် စုပေါင်း ကျင်းပလေ့ရှိကြတယ်။
တာတက်ပွဲ
တောင်ရိုး တိုင်းရင်းသားတွေရဲ့ ဒီပွဲတော်ကို အခုလိုကာလ တန်ခူး၊ ကဆုန်လများအတွင်း တောင်ရိုး တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ မြို့နယ် အလိုက် ရွာအလိုက်တွေမှာ ကျင်းပလေ့ရှိ ကြပါတယ်။ တစ်ခါတလေ တစ်နေ့တည်း မှာ သုံးလေးပွဲ ကျင်းပတာလည်း ရှိတတ် ကြပါတယ်။ တာတက်ပွဲတွေကို အလှည့် ကျ ကျင်းပမယ့်ရက်အလိုက် ရွာတွေမှာ စုပေါင်း ကျင်းပကြတယ်။ သင်္ကြန်အတက် နေ့အပြီး နောက်ရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့ကစပြီး ကဆုန်လကွယ်နေ့အထိ တိုင်အောင် အလှည့်ကျကျင်းပလေ့ရှိ ပါတယ်။
ရှမ်းပြည်နယ်အတွင်း ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ ပင်လောင်း မြို့နယ်တွေမှာ တောင်ရိုးတိုင်းရင်းသား တွေ အများဆုံးတွေ့ရှိရပြီး လူဦးရေ ငါးသိန်းကျော်ရှိတာမို့ တစ်ရွာပြီးတစ်ရွာ ပွဲတွေပြုလုပ်နေကြတာ ပျော်တပြုံးပြုံးနဲ့ မမောနိုင် မပန်းနိုင်အောင်ပါပဲ။
တာတက်ပွဲဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်းလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခု လို့လည်း ဆိုနိုင်ပါသေးတယ်။ တာတက်ပွဲ ကို တချို့ဒေသတွေမှာ ပွဲဝင်တယ်လို့လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပွဲဝင်ခံရတဲ့ရွာ ကို တခြားရွာမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူကြီး၊ လူငယ်မကျန် လာရောက်ကြပါတယ်။ လာတဲ့အခါ ရွာ ဘုန်းတော်ကြီးကျောင်းအတွက် လှူဖွယ် ပစ္စည်းတွေအစုံအလင်နဲ့ တပျော်တပါး လာရောက်ကြတာပါ။ အဲဒီထဲမှာ ဘုန်းတော်ကြီးကျောင်းအတွက် ရိုးရာ မပျက် ဆွမ်းတော်အုပ်ပါသလို ကျေးရွာ အလိုက် ကိုယ့်အစုအဖွဲ့နဲ့ကိုယ် အိုးစည် ဗုံမောင်းတွေကို တီးခတ်ဖျော်ဖြေရင်း တာဝင်ကြတယ်လို့ သိရပါတယ်။
တစ်နှစ်တာကာလပတ်လုံး လယ်ယာ လုပ်ငန်းခွင်မှာ လုပ်ကိုင်ကြတာမို့ အခုလို ပွဲတော်ကာလဟာ ဆွေမျိုးပေါင်းစုံနဲ့ ပြန်လည်တွေ့ဆုံကြရတဲ့ ကာလလည်း ဖြစ်ပါတယ်။ တာတက်ပွဲကို အကြောင်း ပြုပြီး ဒီပွဲတော်ကာလမှာ တောင်ရိုး တိုင်းရင်းသားမောင်မယ်တို့ဟာ လူပျို အပျိုရှာကြတဲ့ ဓလေ့ရိုးရာလည်း ရှိကြ ပါတယ်။
မီးလုံးပွဲ
မီးလုံးပွဲဆိုတာကတော့ မီးရှူးတိုင် တွေ ပြုလုပ်ကြပြီး မီးရှူးအပြိုင်အဆိုင် လွှတ်ကြတဲ့ ဓလေ့ဖြစ်ပါတယ်။ တောင်ကြီးက မီးပုံးပျံပွဲတော်လိုပဲ ဒေသခံ တိုင်းရင်းသားတွေဟာ ကိုယ့်ရွာအလိုက် မီးရှူးလွှတ်ကြဖို့ အကြိတ်အနယ် ကြိုးစား ကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ အရင်ကာလတွေလောက် တော့ အကျယ်တဝင့်ကျင်းပလေ့ သိပ်မရှိ တော့ပေမယ့် ရိုးရာမပျက် မီးလုံးပွဲတွေက တော့ ရှိနေပါသေးတယ်။
မီးလုံးပွဲမှာ မီးရှူးလွှတ်တင်ရတဲ့ ရည်ရွယ်ချက်ကတော့ မိုးလေဝသနဲ့ ရာသီဥတုတွေ ကောင်းမွန်မှန်ကန်ဖို့နဲ့ တောင်ယာတွေမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းအောင်မြင် ဖို့အတွက် မိုးနတ်သားကို မီးရှူးနဲ့ ပူဇော်တဲ့ ရိုးရာဓလေ့တစ်ခုပါ။ ရိုးရာ တာတက်ပွဲ မီးလုံးပွဲတွေကို ရှမ်းပြည်နယ် တစ်ခွင်က မြို့ရွာတွေမှာ ဒီကနေ့အထိ မြင်တွေ့ခွင့်ရနေတဲ့အတွက် ချစ်စဖွယ် ရိုးရာဓလေ့တွေ မပျောက်မပျက် ကျန်ရစ်နေတာမို့ ဝမ်းသာပီတိဖြစ်ရ ပါတယ်။
ချစ်စရာရိုးရာဓလေ့
ဒီရိုးရာဓလေ့လေးကတော့ တောင်ရိုး တိုင်းရင်းသားတွေရဲ့ ချစ်စရာရိုးရာဓလေ့ တစ်ခုပဲ ဖြစ်ပါတယ်။ တောင်ရိုးလူမျိုးတို့ရဲ့ ရှေးရိုးရာဓလေ့တစ်ခုဖြစ်ပြီး ဒီနေ့အထိ လိုက်နာကျင့်သုံးလေ့ ရှိပါသေးတယ်လို့ တောင်ရိုးစာပေနဲ့ ယဉ်ကျေးမှုအသင်းက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖိုးအောင်ငဲက စာရေးသူကို ပြောပြပါတယ်။
ရွာတစ်ရွာကို လှူဖွယ်ပစ္စည်း၊ အိုးစည်တို၊ အိုးစည်ရှည်တို့နဲ့ ရွာကိုပွဲဝင် ခဲ့တယ်ဆိုပါက လက်စားချိုလို့ခေါ်ဆိုပြီး ပွဲဝင်ခံရတဲ့ရွာကလည်း ထိုရွာကို ပြန်လည်ဝင်ရောက်ခဲ့ရင် လက်စားဆပ်လို့ ခေါ်ဆိုရပါတယ်။
“ကျွန်တော်တို့က တခြားရွာကို အိုးစည်တို အိုးစည်ရှည်တို့နဲ့ ပွဲဝင်တယ်။ လှူဖွယ်ပစ္စည်းတွေနဲ့ ဘုန်းကြီးကျောင်း ကို ကပ်လှူခဲ့တယ်။ ရွာဘုန်းကြီးကျောင်း ကို ဝတ္ထုငွေ ငါးသောင်းပဲ ကပ်လှူခဲ့တယ်။ နောင်တစ်ချိန် ကျွန်တော်တို့က အလှူ ကျင်းပတဲ့အခါ ကျွန်တော်တို့ ကနဦးလုပ်ခဲ့ သလိုမျိုး တခြားရွာကလည်း အဲဒီတိုင်း ပြန်ပြီး ပွဲဝင်ရတယ်။ ဝတ္ထုငွေကိုလည်း ကျွန်တော်တို့ထက် နည်းလို့တော့မရဘူး။ များလို့ရတယ်။ ဒါကို လက်စားဆပ်လို့ခေါ် ပါတယ်” လို့ ဖိုးအောင်ငဲက ရှင်းပြပါတယ်။
ပဲလှော်ပေါက်ပွဲ
တောင်ရိုး တိုင်းရင်းသားတွေရဲ့ နောက်ထပ်ချစ်စရာဓလေ့ တစ်ခုကတော့ ပဲလှော်ပေါက်ပွဲ ဖြစ်ပါတယ်။ တာတက်ပွဲ ကို အကြောင်းပြုပြီး ပွဲတော်မှာ လူပျို အပျို လှည့်ကြပါတယ်။ တောင်ရိုး အမျိုးသားရဲ့ လွယ်အိတ်ထဲ ပဲလှော်တွေကို ထည့်လွယ်ထားပြီး ကိုယ်ချစ်ခင်တဲ့ မျက်စိကျတဲ့ တောင်ရိုးလုံမပျိုကို ပဲလှော် နဲ့ ပစ်ပေါက်ရတဲ့ ဓလေ့ဖြစ်ပါတယ်။ တောင်ရိုးအမျိုးသားက ပစ်ပေါက်တာကို သဘောကျပါက လုံမငယ်ကလည်း ပြန်ပစ်ပေါက်ရင် အပြန်အလှန် သဘောကျတယ်လို့ မှတ်ယူနိုင်ပါတယ်။
ပွဲတော်ပြီးတဲ့အခါ သဘောကျတဲ့ လုံမငယ်တို့ရွာကို သွားရောက်ပြီး လူပျို အပျိုလှည့်ကြတာပါ။ ဒါတောင် အမျိုးသမီးငယ်က သဘောကျတိုင်း လူပျို လှည့်ခွင့်မရသေးပါဘူး။ ကိုယ်ပိုးပန်းတဲ့ လုံမ ရှိတဲ့ရွာက ကာလသားခေါင်းကို ခွင့်တောင်းပြီး ခွင့်ပြုမှသာ ပိုးပန်းခွင့်ရ တာဖြစ်ပါတယ်။ ဒီဓလေ့ဟာ တာတက်ပွဲ ကို အကြောင်းပြုပြီး လူငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အပြန်အလှန်လေးစားမှု ရှိတာနဲ့ ချစ်ခင်ရင်းနှီးစေတဲ့ အလေ့အထ ကောင်း တစ်ရပ်လည်းဖြစ်ပါတယ်။ ပဲလှော်ပေါက်ပွဲတွေကို ပင်းတယမြို့နယ် အတွင်းနေထိုင်တဲ့ တောင်ရိုးကျေးရွာတွေ မှာ ဒီနေ့တိုင် မြင်တွေ့ရဆဲလို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်ကြ တဲ့ တောင်ရိုးတိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ ချစ်စရာအပြုအမူလေးတွေကို ထဲထဲဝင်ဝင် လာရောက်လည်ပတ်လေ့လာ နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ။