
နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေး ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပြည်တပ်နယ်သို့ ပထမဆုံးလာခြင်းဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်မှ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ရကာ နိုင်ငံ့တာဝန်ထိန်းသိမ်း ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့
ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်နေရသည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရ ဆူပူမှုများ၊ အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အကျပ်အတည်းများရှိခဲ့ ကြောင်း၊ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကိုလည်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲ ညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရောဂါ ကာကွယ်ဆေးရရှိရေးအတွက်လည်း ပြည်ပနိုင်ငံများ သို့ မိမိကိုယ်တိုင်ဆက်သွယ်၍ အမြန်ဆုံးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းကူညီမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယင်းအခက်အခဲများ၊ လိုအပ်မှုများကို ကျော်ဖြတ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း။
အကြမ်းဖက်မှုများကို နှိမ်နင်းရန်လို
မိမိတို့နိုင်ငံသည် ရေမြေကောင်းများရှိပြီး စားရေရိက္ခာပေါများကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ခဲ့ခြင်းကြောင့် စားရေရိက္ခာများကို ပြည့်ဝစွာ ရရှိခဲ့ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေး သည် တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ EAO များ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူ များသည် ပြည်သူများကြားမှ ပြည်သူများကို အကာ အကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများနှင့် ပြည်သူများ တစ်သားတည်း ဖြစ်အောင် ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်းရန်လိုကြောင်း၊ နဝတ၊ နယကခေတ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သောအုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်များ ရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သော ပြည်သူ များအနေဖြင့် အမြင်မကြည်လင်မှုများ ရှိနိုင်ကြောင်း။
၂၀၁၀ ပြည့်နှစ်တွင် မိမိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်၌ တပ်တည်ဆောက် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူ ဆက်ဆံရေးတိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ တပ်မတော်၏ အဆင့်ဆင့်တိုးတက်မှုများရှိလာခြင်းကြောင့် ၂၀၁၁ - ၂၀၂၀ ဒီမိုကရေစီအစိုးရ လက်ထက်တွင် တပ်မတော်နှင့် ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပမှ မသမာသူများက အချင်းချင်း သွေးကွဲစေရေးအတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှု များ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး ကိုဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်ကြားပေးထား သည့် ကာကွယ်ရေးပညာရပ်များကို အမြဲမပြတ် ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက်လည်း အမြဲ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင် ကြရန်လိုပြီး တပ်မတော်သားများ စည်းကမ်း ကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း။
ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဒုတိယလှိုင်းဖြစ်ပွားချိန်၌ ကူးစက်မှု နှုန်းမြင့်တက်ခဲ့ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ယခုအချိန်တွင် ရောဂါကူးစက် မှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့် နေထိုင်သွား လာစားသောက်မှုများကို ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ရာသီဥတုနှင့် ညီညွတ်မျှတသည့် နေထိုင် မှုများရှိရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင်သာမက မိသားစုဝင်များအနေဖြင့်လည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း။
ပညာရည်မြင့်မားအောင် အားပေးဆောင်ရွက်
ပညာရေးနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် ဗဟုသုတရစေသည့် စာပေများကို ဖတ်ရှုလေ့လာရန် နှင့် မိသားစုဝင်များကိုလည်း ပညာရည်မြင့်မားအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရည် မြင့်မားအောင်ဆောင်ရွက်ပြီး မိမိဘဝကို ရပ်တည် နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဆိုပါက ပြင်ပမှ ဝယ်ယူစားသောက်မှုများ လျော့နည်းသွားမည်ဖြစ်သဖြင့် ငွေကုန်ကျမှုကို သက်သာစေမည်ဖြစ်ကြောင်း။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို စတင် ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ငွေကြေးပြဿနာများ ဖြစ်ပေါ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုများရှိကြောင်း၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သားများအားလုံးအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ချိန်တွင် တစ်ဦးချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် တာဝန် ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်းမွန် ပြီး မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်မည်ဆိုပါက တပ်မတော်သည် စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အဖြစ် တည်ရှိ နေမည်ဖြစ်ကြောင်း မှာကြားသည်။
စားသောက်ဖွယ်ရာ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ ပြည်တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်တပ်နယ်မှူး ၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။ ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတရသ စာအုပ်စာစောင်များကို ပေးအပ်ရာ ပန်းတောင်း တပ်နယ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်