
ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန် ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ၊ ဆီ၊ ကြက်သွန် ဖြူ၊ မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးမြင့်လာခဲ့ပြီး ဆန်၊ ငရုတ်၊ အာလူး၊ ကုလားပဲခြမ်းတို့ ဈေးတည်ငြိမ် လျက်ရှိသည်ကို မြင်တွေ့ရသည်။
ဆန်
ယခုသီတင်းပတ်အတွင်း ဆန်ဈေးတည်ငြိမ် လျက်ရှိပြီး ဆန်ချောဈေးမှာ ယခင်သီတင်းပတ် အတိုင်းဖြစ်သည်။ ရန်ကုန်နှင့်နယ်ဈေးမှာ တစ်အိတ် လျှင် ငွေကျပ်တစ်သောင်းဝန်းကျင် ကွာခြားလျက် ရှိသည်။ ဘိုကလေး၊ မော်ကျွန်းနယ်ထွက် ပေါ်ဆန်း လက်ကားဈေး တစ်အိတ်လျှင် ရန်ကုန်၌ ကျပ် ၆၅၀၀၀၊ မော်ကျွန်း၌ လက်လီတစ်အိတ်လျှင် ကျပ် ၅၅၀၀၀ နှုန်းသာ ရှိသည်ကို တွေ့ရသည်။ မိုးစပါး အသစ်အချို့ စတင်ထွက်ပေါ်လာရာ ဆန်ကြမ်းဈေး၊ ဆန်ချောဈေးများ တည်ငြိမ်နေဦးမည်ဟု ခန့်မှန်း ရသည်။
စားသုံးဆီ
ယခုအပတ် ရည်ညွှန်းဈေးအရ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၀ ဈေးမြင့်တက်ခဲ့ပြီး ရန်ကုန်ပြင်ပဆီဈေးကွက် လက်ငင်းအလှယ် ပီပါ ဈေးမှာလည်း မြင့်တက်လာသည်။ ဩဂုတ် ၂၇ ရက် က ပြင်ပအလှယ်ဈေး တစ်ပိဿာ ကျပ် ၈၈၀၀ ရှိပြီး ၂၉ ရက်တွင် တစ်ပိဿာ ကျပ် ၉၁၀၀/၉၂၀၀၊ ၃၁ ရက်တွင် တစ်ပိဿာ ကျပ် ၉၄၀၀/၉၅၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
မတ်ပဲ၊ ပဲစင်းငုံနီနှင့် ကုလားပဲခြမ်း
ယခင်ဈေးကျနေသည့် ပဲမျိုးစုံတို့ ယခုကာလ တွင် ဈေးပြန်လည်မြင့်တက်လာခဲ့သည်။ ဩဂုတ် ၃၀ ရက်တွင် မတ်ပဲ FAQ/RC တစ်တန်လျှင် ကျပ် ၂၁၀၀၀၀၊ SQ/RC တစ်တန် ကျပ် ၂၄၁၀၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ် ၂၁၂၀၀၀၀ နှုန်း ရှိလာသည်။ ဩဂုတ် ၃၀ ရက်တွင် တစ်ပိဿာ ကျပ် ၄၃၀၀/၄၅၀၀ နှုန်းရှိသော ကုလားပဲခြမ်းမှာ ဩဂုတ် ၃၁ ရက်တွင် ကျပ် ၄၃၀၀/၄၄၀၀ သို့ ဈေးနှုန်းကျဆင်း လာခဲ့သည်။
ကြက်သွန်နီ
ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဆိပ်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၂၅၀၀မှ ၃၁၀၀၊ မုံရွာ ကျပ် ၂၇၀၀ မှ ၃၃၀၀ သို့ ဈေးနှုန်းမြင့်တက် လာသည်။ ကြက်သွန်နီဈေးကွက်အတွင်း ထပ်မံ မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။ နယ်ဈေးနှုန်း မှာ ဩဂုတ် ၃၁ ရက်တွင် ဆိပ်ဖြူကုန်စည်ဒိုင်၌ အမြင့်ဆုံး တစ်ပိဿာ ကျပ် ၃၁၀၀၊ ပခုက္ကူကုန်စည် ဒိုင်၌ ကျပ် ၃၁၀၀ နှုန်းရှိသည်ဟု နယ်ဈေးကွက် သတင်းများအရ သိရသည်။
အောင်ခင်နိုင်