
ကေကေစိုး
တာလီဘန်တို့ အခိုင်အမာ ထိန်းချုပ်ထားရာနေရာရှိ အာဖဂန် သားဖွားကောလိပ်မှ ဆရာမများသည် ၎င်းတို့ပြတင်းပေါက်များကို ကျော်ဖြတ်လာသော ကျည်ဆန်များ ကြားမှပင် ၎င်းတို့၏ လုပ်ငန်းကို ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။
တောင်းဆိုခဲ့
သားဖွားဆရာမများ၏ နောက်ဆုံးလေ့ကျင့်ရေးစင်တာ ဖောက်ခွဲ ခံရသည့်တိုင် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပေ။ ကျေးလက်ဒေသရှိ မိခင်နှင့် ကလေးများအကျိုးအတွက် ဆက်လက်လုပ်ကိုင်သွားမည်ဟု ပြောသည်။
ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံကို သဘောထားတင်းမာသူ တာလီဘန်များက ထိန်းချုပ်ထားပြီး သားဖွားသင်တန်းဆရာမများ သည် ၎င်းတို့၏ လုပ်ငန်းကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေးအတွက် အစိုးရသစ်ထံတောင်းဆိုခဲ့ကြသည်။
လုံခြုံစိတ်ချရသည့်နေရာ ထောက်ပံ့ပေးရန်လို
လူသားချင်းစာနာထောက်ထားမှုနှင့် မျိုးချစ်စိတ်ဓာတ်ကြောင့် အလုပ်ကို ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်တို့လူ့ အသိုင်းအဝိုင်းအတွင်း အဖိနှိပ်ခံရဆုံးသော အဖွဲ့ဝင်များဖြစ်သည့် အမျိုးသမီးများနှင့်ကလေးများ အကျိုးအတွက်သာ ဆက်လက်လုပ်ကိုင် ပေးနေခြင်းဖြစ်ကြောင်း ဆရာမတစ်ဦးဖြစ်သူ ရှဖီကာဘီရွန်နီက အေအက်ဖ်ပီသို့ပြောသည်။
တာလီဘန်တို့ထံတောင်းဆိုချက်မှာ အခြားသောအမျိုးသမီးများ ကို အကူအညီပေးနိုင်ရေးအတွက် လုံခြုံစိတ်ချရ ပြီး လွတ်လပ်မှုရှိသည့် နေရာတစ်ခု ထောက်ပံ့ပေးရန်ပင်ဖြစ်သည်ဟု အသက် ၅၂ နှစ်ရှိပြီဖြစ် သော ရှဖီကာဘီရွန်နီက ပြောသည်။
ပုန်းအောင်းနေရ
ဝါဒါ့ခ်ပြည်နယ် အလယ်ပိုင်းမေဒင်ရှားမြို့ရှိ သားဖွားသင်တန်း ကျောင်းမှာ ၂၀၂၂ ခုနှစ် မေလသို့ရောက်လျှင် ကျောင်းသူ ၂၅ ဦးကို ဘွဲ့ပေးနိုင်တော့မည်ဖြစ်သည်။ ထိုစဉ် တာလီဘန်များနှင့် အစိုးရ ဟောင်းတပ်ဖွဲ့ဝင်များကြား အပစ်အခတ်များကြောင့် သားဖွားကျောင်း မှာ ကြားညပ်နေခဲ့ရသည်။
ဆရာများနှင့် ကျောင်းသားများမှာ သံတံခါးများနောက်တွင် ပုန်းအောင်းနေရသည်။ ဤအလုပ်မှာ ခက်ခဲသည့် အလုပ်ပင်ဖြစ် သည်ဟု သင်တန်းဒါရိုက်တာ ခါတူးဖာဇလီက ပြောသည်။ ၎င်း၏ ရုံးခန်းနံရံများတွင် ကျည်ဆန်ရာများနှင့် ပြည့် နေသည်။ နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဖိအားပေးခံရ
၂၀၁၃ ခုနှစ်အတွင်း ကျောင်းနေရာဟောင်းမှာ ပေါက်ကွဲမှုကြောင့် လုံးဝပျက်စီးသွားခဲ့ရသည်။ တာလီဘန်များမှာ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဖိနှိပ်အုပ်ချုပ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး အဆိုပါကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများကို စာသင် ကျောင်းများနှင့် လုပ်ငန်းခွင်များမှ ဆွဲထုတ်ခဲ့သည်။
ကျန်းမာရေး လုပ်သားအချို့မှာလည်း နေရပ်ပြန်ရန် ဖိအား ပေးခံရပြီး ကြောက်ရွံ့မှုများစွာနှင့်ကြုံတွေ့ခဲ့ရသည်။ မေလအတွင်း တာလီဘန်များသည် ဝါဒါ့ခ်ပြည်နယ်ကို အစိုးရတပ်များထံမှ ပြန်လည် လုယူခဲ့သည်။
လေးလတိုင်တိုင် လုပ်ခမရ
ဩဂုတ်လလယ် အရောက်တွင်မူ တစ်နိုင်ငံလုံးကို တာလီဘန်များ က ထိန်းချုပ်သွားနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ အုပ်ချုပ်သူအသစ် များသည် သားဖွားလုပ်ငန်းကိုထိခိုက်စေသည့် စည်းမျဉ်းသစ်များ ချမှတ်ခဲ့သည်။ သားဖွားသင်တန်းကျောင်းမှပေးသည့် ဝန်ဆောင်မှုများ ကို မှီခိုနေရသူများထဲတွင် တာလီဘန်သစ္စာတော်ခံများ၏ ဇနီးများနှင့် ကလေးများလည်း ပါဝင်သည်ဟု သင်တန်းဒါရိုက်တာ ခါတူးဖာဇလီက ပြောသည်။
နိုင်ငံတစ်ဝန်းရှိ အခြားသောကျန်းမာရေးလုပ်သားများကဲ့သို့ပင် သားဖွားဆရာမများ ကြုံတွေ့နေရသည့်အခက်အခဲမှာ လေးလ တိုင်တိုင် လုပ်ခလစာမရရှိခြင်းပင်ဖြစ်သည်။
အောင်မြင်တိုးတက်မှုများစွာ ရရှိခဲ့
အာဖဂန်နစ္စတန်နိုင်ငံ၏ ပျက်ယွင်းနေသည့် ဘဏ်စနစ်ကြောင့် လေးလတိုင်တိုင် လုပ်ခလစာမရရှိခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့် ၁၅ နှစ်တာကာလအတွင်း အောင်မြင်တိုးတက်မှုများစွာ ရရှိခဲ့သည်။ ကျန်းမာရေးအဆောက်အအုံများနှင့် လေ့ကျင့်ရေးသင်တန်းကျောင်း များကို ထောက်ပံ့ပေးခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ အကူအညီများကြောင့်ပင်ဖြစ်သည်။
မွေးကင်းစကလေးသေဆုံးမှု မြင့်မားဆဲဖြစ်
သို့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မွေးကင်းစကလေး သေဆုံးမှုအမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ် နေဆဲပင်ဖြစ်သည်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးပြဿနာ များကြောင့် အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်စဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးထောင်နှင့်ချီ၍ သေဆုံးကြရသည်။
ကြိုတင်ကာကွယ်နိုင်သည့် ပြဿနာများသာဖြစ်
အချို့သောကျန်းမာရေးပြဿနာများမှာ ကြိုတင်ကာကွယ်နိုင် သည့် ပြဿနာများသာဖြစ်သည်။ သင်တန်း ဒါရိုက်တာ ခါတူးဖာဇလီ သည် ၂၀၀၄ ခုနှစ်တွင် စင်တာကို စတင်ထူထောင်ခဲ့ပြီး ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများကြုံတွေ့ရသည့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး ၁၈၁ ဦး ဘွဲ့ရပြီးဖြစ်
သားဖွားစောင့်ရှောက်မှုများကို သတိပေးထားသည့်ပိုစတာများနှင့် ကိုဗစ်-၁၉ ကျန်းမာရေးသတိပေးချက် ပိုစတာများ ချိတ်ဆွဲထားသည့် အခန်းတွင် လေ့ကျင့်ရေးသင်တန်းသူများက လေ့လာရသည်။
အေအက်ဖ်ပီက သွားရောက်လေ့လာစဉ်အတွင်း အဖြူရောင်ကုတ် အင်္ကျီ ခေါင်းဆောင်းဆောင်းထားသောအမျိုးသမီး ၁၀ ဦးသည် အမျိုးသမီး ပလတ်စတစ်ရုပ်၊ ဆေးဘက်ဆိုင်ရာပစ္စည်းများဖြင့် သားဖွားမှုနှင့် အရေးပေါ်လုပ်ထုံးလုပ်နည်းများကို လေ့လာနေကြ သည်။
အဆိုပါ သင်တန်းကျောင်းကို စတင်တည်ထောင်သည့်အချိန်မှ စတင်ကာ သားဖွားသင်တန်းကျောင်းမှ အမျိုးသမီး ၁၈၁ ဦးဘွဲ့ရရှိခဲ့ပြီး ဖြစ်သည်။ ။
ကိုးကား - အေအက်ဖ်ပီ