
ထန်းတပင် မတ် ၂
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီး ဌာနက မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများ ဖော်ဆောင်လျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း စနစ်ကျစက်မှု လယ်ယာမြေ ၅၃၁ ဧကအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီး လယ်ယာ မြေဧက ၂၀၀ ကို ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ စနစ်ကျလယ်ယာမြေအဖြစ် ရေပေါ်သောင် ကျေးရွာတွင် ၃၈၁ ဧက နှင့် ရေဖြူကျေးရွာ ဧက ၁၅၀ ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ခုနှစ် အတွင်း ရေတွင်းကုန်းကျေးရွာ၌ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဧက ၂၀၀ ကို ထပ်မံဆောင်ရွက်ရန် တင်ပြထားကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ရှင်းပြသည်။
“မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူတွေ စပါးစိုက်ပျိုးချိန်ကာလမှာ အဆင်ပြေစေဖို့အတွက်ကိုလည်း ဌာနအနေနဲ့ စပါးရိတ်သိမ်းခြွေလှေ့စက် သုံးစီး၊ ကောက်စိုက်စက်နှစ်စီး၊ လယ်ထွန်စက်ကြီး ခုနစ်စီးနဲ့ လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တောင်သူတွေကို လက်ကိုင်ရှည် လက်တွန်း ထွန်စက် အစီး ၂၀ ကို သုံးနှစ်အတွင်း လေးရစ်ဆပ်စနစ်နဲ့ ရောင်းချပေး နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ်တွင် ရေပေါ်သောင်ကျေးရွာရှိ စိုက်ပျိုးမြေ ၃၈၁ ဧကကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ရေဖြူ ကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် လည်းကောင်း စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ အကျိုးရှိ ဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ် မြောင်းများ ကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ် လမ်းများကြောင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန် လာခြင်း၊ သီးနှံများ အထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)