
ဗန်ကောက် သြဂုတ် ၃၀
ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၁၅၉၇၂ ဦး ထပ်မံတွေ့ရှိပြီး ထိုရောဂါဖြင့် ၂၅၆ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေ စီမံခန့်ခွဲရေးစင်တာက ယနေ့ ပြောကြားသည်။
တစ်ရက်အတွင်း စစ်ဆေးတွေ့ ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာအားလုံးအနက် ၂၈၀ မှာ နိုင်ငံအတွင်း အကျဉ်းထောင်များမှ အကျဉ်းသားများ ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်များမှ အကျဉ်းသား ၄၀၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယမန်နှစ် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၉၀၀၆၃ ဦး ရှိလာပြီး ထိုရောဂါ ဖြင့် လူနာ ၁၁၃၉၉ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ထိုင်းအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှ စတင် ဆောင်ရွက်လာပြီး သြဂုတ် ၂၉ ရက်အထိ လူဦးရေ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ခန့်ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထို့အပြင် ထိုင်းအစိုးရသည် မြို့တော်ဗန်ကောက်နှင့် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားသော ဒေသများ အကြား စက်တင်ဘာ ၁ ရက်မှ စ၍ ပြည်တွင်းလေကြောင်းလိုင်း များ ပြန်လည်ပြေးဆွဲတော့မည်
ဖြစ်ကြောင်း ထိုင်းလေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြား သည်။
သို့သော် ခရီးသည်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် အထောက်အထားနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိစစ်ဆေးသည့် ဆေးရလဒ်ကဲ့သို့သော သက်သေ အထောက်အထားများကို ပြသ နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ