ထိုင်းနိုင်ငံမှ လေကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာသူ ၅၉ ဦးအနက် ၂၂ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

 

မင်္ဂလာဒုံ နိုဝင်ဘာ ၁၉


မြန်မာနိုင်ငံအတွင်းသို့  ထိုင်းနိုင်ငံမှ  လေကြောင်း ခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ် တွင်      ယမန်နေ့ညပိုင်းက     မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအရေးပေါ်ကားများဖြင့်    ကြိုဆိုပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌  ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစခန်း၌ ထားရှိ၍ ယနေ့တွင် ကိုဗစ်-၁၉ စစ်ဆေးပေးသည်။

 


မင်္ဂလာဒုံမြို့နယ်     စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုနှုန်းလျှော့ချရေးစုပေါင်းအဖွဲ့က ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၃၆ ဦးတို့အား  RDT Test Kit  ဖြင့်  စစ်ဆေးပေးရာ  အမျိုးသား  ၁၁ ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့တွင် ရောဂါပိုးတွေ့ရှိသဖြင့်  ၎င်းတို့အား ပုလဲဆေးရုံကြီး တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကုသ ရေးစင်တာသို့    ပို့ဆောင်ပြီး   ပိုးမရှိသူများအား မိသားစုများရှိရာသို့   ပို့ဆောင်ပေးမည်ဟု   သိရသည်။

 


ထို့ပြင်   မြန်မာနိုင်ငံသို့    လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီးများဖြင့် ပြန်လည်ဝင်ရောက် လာသူများအား မင်္ဂလာဒုံအဝေးပြေးယာဉ်ရပ်နား စခန်းရှိ    ကိုဗစ်-၁၉   ရောဂါထိန်းချုပ်ရေးစခန်း တွင်   ရောက်ရှိကြောင်း  စာရင်းသွင်းပြီးနောက် ထောက်ကြန့်စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုခံယူစေပြီးမှ မိမိတို့သွားလိုရာအရပ်သို့ သွားနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။


သန္တာ(ပြန်/ဆက်)