ထောပတ်သီးကို ပြည်ပနိုင်ငံများသို့ လာမည့်ထောပတ်ရာသီတွင် တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေ

 

ပြင်ဦးလွင်  စက်တင်ဘာ   ၁


မြန်မာ့ထွက်ကုန်သီးနှံဖြစ်သော ထောပတ်သီးများကို ပြည်ပနိုင်ငံ များသို့ လာမည့်ထောပတ်ရာသီတွင် တွင်ကျယ်စွာတင်ပို့ရောင်းချနိုင် ရေးချိတ်ဆက်ဆောင်ရွက်မှုများ    ပြုလုပ်နေကြောင်း   မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။ 

 


အဆိုပါ  ထောပတ်သီးများကို     ပြည်ပနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် အသင်းရှိ တာဝန်ရှိသူများက   ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ယင်းထောပတ်သီးကို နိုဝင်ဘာ နှင့် ဒီဇင်ဘာလတို့တွင်  စတင်ခူးဆွတ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်သို့  တင်ပို့ရောင်းချကြကြောင်း၊ လာမည့်ထောပတ်ရာသီတွင် ပြည်တွင်းဈေးကွက် များသာမက ပြည်ပနိုင်ငံဈေးကွက်များသို့  တွင်ကျယ် စွာရောင်းချနိုင်ရေးအတွက်   သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်   ချိတ်ဆက်ဆောင်ရွက်နေကြောင်း   သိရသည်။

 


“ဈေးကွက်ဝင်ဖြစ်တဲ့    ထောပတ်သီးတွေကို  ပြည်ပနိုင်ငံတွေကို    လာမယ့်   ထောပတ်ရာသီမှာ ရောင်းချနိုင်ဖို့  ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အသီးမှည့်ချိန်လည်း မရောက်သေးပါဘူး။ လက်ရှိမှာ ရင်းနှီးမြှုပ်နှံတဲ့သူ တော်တော်များများ  ထောပတ် စိုက်ပျိုးရေးနယ်ပယ်ထဲကို   ခြေချလာတာ   များပါ တယ်။ အသစ်ဝင်ရောက်လာကြတာများတယ်။ ဧက ငယ်တွေ ရင်းနှီးမြှုပ်နှံတာများပါတယ်။ ထောပတ် သီးကို ပြည်ပဈေးကွက်တွေထဲမှာ တွင်တွင်ကျယ် ကျယ် တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်မှုတွေ  ပြုလုပ် နေပါတယ်။  အလားအလာကောင်းများတော့ ရှိလာ မှာပါ။ ဈေးကွက်ဝင် ဟက်စ်အမျိုးအစား ထောပတ် သီးတွေကိုလည်း တိုးချဲ့စိုက်ပျိုးနေတာတွေ   ရှိပါ တယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

 


မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် ထောပတ်သီးကို စိုက်ပျိုးကြပြီး ထောပတ်သီးအမျိုးအစားအနေဖြင့်   ၂၃   မျိုးရှိကာ လက်ရှိထောပတ်သီးစိုက်ဧကများအနေဖြင့် ၂၀၀၀၀ ဝန်းကျင်ရှိကြောင်း၊      ထောပတ်စိုက်ပျိုးသည့် တောင်သူဦးရေမှာ ၆၀၀၀ ကျော်ရှိကြောင်း သိရ သည်။                             

မင်းထက်အောင်(မန်းကိုယ်ပွား)