
ဘားအံ စက်တင်ဘာ ၁၂
ပထမနှစ် သူနာပြု - သားဖွား ဒီပလိုမာ သင်တန်းသား သင်တန်းသူများ၏ ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဘားအံမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကျွမ်းကျင်တတ်မြောက်အောင်သင်ယူ
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသား များ၏ ကျန်းမာရေးအတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးလုပ်ငန်းစဉ် အဖြစ် စိုက်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရအနေဖြင့်လည်း ကရင် ပြည်နယ်၏ ဒေသအသီးသီးမှ သင်တန်းသား သင်တန်းသူများအပေါ် လိုအပ်သည့်ထောက်ပံ့ ကူညီမှုများကို အစွမ်းကုန်ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရပြီးနောက် လိုက်နာ ရမည့် အတတ်ပညာများကို ကျွမ်းကျင် တတ်မြောက်အောင်သင်ယူပြီး အရည်အသွေး ပြည့်ဝသည့် အရည်အချင်းရှိသော သူနာပြုများ ဖြစ်အောင် ဆက်လက်ကြိုးစားသင်ယူကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ကြီး ဒေါ်နီနီချို က ဂျူတီကုတ်ဝတ်ဆင်ခြင်း၊ ဦးဆောင်း အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပထမနှစ် သူနာပြု - သားဖွား ဒီပလိုမာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၃၁ ဦး အား ဂျူတီကုတ်နှင့် ဦးဆောင်းများ ပေးအပ် ကာ သင်တန်းသား သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်း ပထမနှစ်ဝက်စာမေးပွဲတွင် ထူးချွန် စွာ အောင်မြင်သူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား သင်တန်း သူများက ကရုဏာအလင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သင်တန်းသား သင်တန်းသူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကြသည်။
ခွင့်ပြုချက်မရဘဲ ကျူးလွန်ဆောက်လုပ်
အလားတူ လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operation Procedure - SOP) ရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ် SOP ရေးဆွဲပြုစုရေး ပြည်နယ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကော်မတီဝင်များအနေဖြင့် မိမိတို့ ဌာနအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပါဝင်ဆွေးနွေးပြီး SOP မူကြမ်းရရှိအောင် ပြုစုရမည်ဖြစ်ကြောင်း၊ ယခုလယ်ယာမြေပေါ် တွင် ခွင့်ပြုချက်မရဘဲကျူးလွန်ပြီး အဆောက် အအုံ ဆောက်လုပ်နေကြမှုများကို ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းများနှင့် နောင်တွင် ယခုကဲ့သို့ ဥပဒေမဲ့ထပ်မံကျူးလွန်မှုမျိုးမဖြစ်စေရအောင် ထိန်းကျောင်းစီမံသွားကြရမည်ဖြစ် ကြောင်း၊ ပြည်နယ်၏ ရေမြေသဘာဝနှင့် တိုင်းရင်းသားဓလေ့ထုံးစံများအပေါ် မူတည်ပြီး ပါသင့်ပါထိုက်သည့်အချက်များကို ပြည့်စုံအောင် ပါဝင်ဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် SOP ရေးဆွဲပြုစုရေးပြည်နယ် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက မြို့နယ်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များမှ စာရင်း ပေးပို့တင်ပြမှုများအပေါ် ရှင်းလင်းတင်ပြပြီး ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်ကြီးကြပ်ရေး အဖွဲ့များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)