သတင်းထုတ်ပြန်ချက်

 

အထူးအစည်းအဝေးတွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က  ဆွေးနွေးပြောကြားခဲ့သည့်  အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် 
ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်း၊ 
အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာကန့်ကွက်


 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏  အထူးအစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ  နိုင်ငံ ခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ သွားရောက်ရန် ၎င်း၏ခရီးစဉ်ကို မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေ ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ 

 


အဆိုပါပြောကြားချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်    အထူးကိုယ်စားလှယ်၏    မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံးခရီးစဉ် ဖြစ်မြောက်ရေးအတွက် မြန်မာ ဘက်မှ အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို ထည့်သွင်းစဉ်းစားပြီး ခရီးစဉ်အောင်မြင်စေရေးနှင့်   အပြုသဘော ရလဒ်များ ရရှိစေရေးအတွက် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့် ၎င်း၏ ပထမဆုံးခရီးစဉ်တွင် မြန်မာနှင့် နှစ်ဖက်ယုံကြည်မှုရရှိ ရေးကို အလေးပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 


အစည်းအဝေးတွင်   မကြာမီကျင်းပမည့်      အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့် တက်ရောက်ရန်ကိစ္စကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့ပါသည်။

 


အာဆီယံအစည်းအဝေးများ တက်ရောက်ရေးနှင့် ကိုယ်စားပြုမှု ကိစ္စ ပြောကြားချက်များနှင့်ပတ်သက်၍   ပြည်ထောင်စုဝန်ကြီးက ယင်းကိစ္စကို ဆွေးနွေးရန် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူ များတွင် ပြဋ္ဌာန်းထားခြင်းမရှိသဖြင့်  ဆွေးနွေးရန် မလိုအပ်ကြောင်း၊ လက်ရှိ မြန်မာအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် ၏ အာဏာကို ရယူကျင့်သုံးနေသည့် အစိုးရဖြစ်ကြောင်း၊  မြန်မာ အစိုးရ၏ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ရန် အကြောင်းမရှိကြောင်း၊ ယခုကိစ္စနှင့် အထူးကိုယ်စားလှယ်၏ ခရီးစဉ် ကို ချိတ်ဆက်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးများသာဖြစ်စေမည်   ဖြစ်ကြောင်းနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ် မြန်မာမှ သဘောမတူကြောင်း နှင့် ယင်းကန့်ကွက်ချက်ကို မှတ်တမ်းတင်ပေးရန် ပြောကြားခဲ့ပါသည်။

 


အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏   အထူးအစည်း အဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က    ဆွေးနွေးပြောကြားခဲ့ သည့် အာဆီယံအစည်းအဝေးများ   တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ   ဆောင်ရွက်ခဲ့မှု များသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်း ထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး၊ ပြင်းထန်စွာ ကန့်ကွက်ပါသည်။

 


ဒေသတွင်း မဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပေါ်နေချိန် တွင် အာဆီယံ၏ အစဉ်အလာကောင်းများဖြစ်သည့် မတူကွဲပြားမှု များကို အခြေခံပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို တည်ဆောက် ခဲ့မှုနှင့် မတူညီမှုများကို ဆွေးနွေးတိုင်ပင်ပြီး တူညီဆန္ဒဖြင့် ဆောင်ရွက် မှုများကို ပစ်ပယ်ခဲ့ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ ဗဟိုပြု မှုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း သတိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။