
ရန်ကုန် စက်တင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန စာပေဗိမာန်၊ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့မီဒီယာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ဗဟန်းမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
နံနက်ပိုင်းတွင် စာပေဗိမာန် သို့ ရောက်ရှိပြီး စာပေဗိမာန် အရောင်းဆိုင်တွင် စာအုပ်များ လာရောက်ရွေးချယ်ဝယ်ယူနေမှု ကို ကြည့်ရှုအားပေးကာ ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ ရာ စာတည်းမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် စာပေဗိမာန်၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ စာပေနှင့် ပတ်သက်ပြီး အစဉ်အလာရှိသည့် အထင်ကရ ဌာနတစ်ခု ဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် နိုင်ငံ တကာဖြစ်ရပ်များ၊ ပြည်တွင်း ရေးရာများကို အားလုံးသိရှိကြမည် ဟု ယူဆပါကြောင်း၊ သတင်းအမှန် များ သိရှိခြင်းကြောင့် အကျိုးရှိပြီး သတင်းအမှားများက ဆိုးကျိုးကို ဖြစ်ပေါ်စေပါကြောင်း၊ သတင်း အတု၊ သတင်းအမှားများကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်း တွင် အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ လူမှုကွန်ရက်မီဒီယာများ ကို အကျိုးရှိအောင် အသုံးပြုနိုင် သကဲ့သို့ အကျိုးမဲ့အောင်လည်း လုပ်၍ ရပါကြောင်း၊ သုံးစွဲသူအပေါ် မူတည်သည့်အတွက် မိမိတို့အနေ ဖြင့် ချင့်ချိန်သုံးစွဲပြီး အကျိုးရှိအောင် အသုံးပြုနိုင်ကြစေလို ပါကြောင်း ပြောကြားကာ ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ဗိုလ်အောင်ကျော် လမ်းရှိ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးနေရာချထားမှုအနေအထားကို ကြည့်ရှုစစ်ဆေးကာ ရုံးအပေါ်ထပ် ရှိ Media N Co. Ltd ၏ ရုံးခန်းများ၊ သတင်းခန်းများကို ကြည့်ရှု၍ M Entertainment Channel မှ ရိုက်ကူးပြသနေမှုများ ကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် The Global New Light of Myanmar သတင်းစာ တိုက်၌ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက The Global New Light of Myanmar သတင်းစာကို ၁.၈.၂၀၂၃ ရက်နေ့မှ စတင်ကာ Logo မှအစ၊ အခြားသော အသွင် သဏ္ဌာန်နှင့် အနှစ်သာရပိုင်း ပြောင်းလဲဖော်ဆောင်ခဲ့ကြသည့် စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူ ဝန်ထမ်းအားလုံးကို အသိအမှတ် ပြုပါကြောင်း၊ စာတည်းအဖွဲ့ဝင် များက မိမိတို့ သတင်းစာ စာဖတ် ပရိသတ်များ စိတ်ဝင်စားမည့် သတင်း အကြောင်းအရာများကို ရွေးချယ်ပြီး ဖော်ပြသွားရန်လို ကြောင်း၊ သတင်းများ စုစည်းရွေးချယ်ရာတွင် နိုင်ငံရေးအမြင် ရှိရန်လိုပြီး သတင်းစာတိုက်မူဝါဒ များနှင့်အညီ လွတ်လွတ်လပ်လပ် ဖော်ပြဆောင်ရွက်နိုင်သော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် သတင်းများ၊ မိမိ တို့နှင့် ချစ်ကြည်ရင်းနှီးစွဲရှိသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာ ကို ထိပါးစော်ကားသည့် သတင်း များကို မဖော်ပြမိရန်လိုကြောင်း၊ သတင်းများ၊ ဆောင်းပါးများ အားလုံးကို စိစစ်ဖတ်ရှုတည်းဖြတ် ပြီး အမှားအယွင်း မပါရှိအောင် စနစ်တကျ ရွေးချယ်ဖော်ပြသွားစေလိုကြောင်း မှာကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပုံနှိပ်စက်ခန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ရုပ်ရှင်လောကနှင့် ပတ်သက်၍ ဖြစ်ပေါ်ပြောင်းလဲမှု များအပေါ် ပေါင်းစပ်ညှိနှိုင်းရန် ကိစ္စများရှိပါက ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါ ကြောင်း၊ ယနေ့အချိန်တွင် ပြည်သူ များက ရုပ်ရှင်ဇာတ်ကားများ အပေါ် ပြန်လည်သက်ဝင်ခံစားမှု များ ရှိလာပြီး ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုများလည်း ပုံမှန် အခြေအနေ နီးပါးဖြစ်ပေါ်လာခြင်း အတွက် ဝမ်းမြောက်မိပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကြီး ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးပေးကြစေ လိုကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်လောကသားများ အပြန်အလှန် ယုံကြည်မှုများဖြင့် လုပ်ငန်း များ ဆောင်ရွက်ခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှု များရှိခဲ့ပြီး နောင်လာမည့် ကာလ များတွင်လည်း လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ပူးပေါင်းဆောင် ရွက်သွားကြရန်လိုကြောင်း။
ရုပ်ရှင် ဇာတ်ကားများအား ပြည်တွင်းမှာသာမက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ အထိမ်းအမှတ် ပွဲများတွင် ချိတ်ဆက်ပြသနိုင်ရေး အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားကြစေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို မည်သို့မြှင့်တင်ကြမည်၊ မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ဥက္ကဋ္ဌ ဦးကြည်စိုး ထွန်း၊ နာယက ဦးအောင်လွင်နှင့် တက်ရောက်လာသူများက မြန်မာ့ ရုပ်ရှင်အဆင့်အတန်း မြင့်မား တိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
သတင်းစဉ်