
နေပြည်တော် စက်တင်ဘာ ၂၇
စက်တင်ဘာ ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၇)တွင် ပါရှိသော ရေကြည်မြို့နယ်၌ မုန်တိုင်းမိုးကြောင့် ပဲစိုက်ဧက ၇၀၀ ကျော် ပျက်စီးဆုံးရှုံးသတင်းနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်မှာ ရေကြည်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ ကွင်းလျားကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ အုပ်စုတို့တွင် ပဲစိုက်ဧကများ ပျက်စီးဆိုသည်မှာ သတင်းရေးသားသူ ၏ လွဲမှားသော အချက်အလက်များဖြစ်ကြောင်း သိရပြီး အဆိုပါ နေရာများတွင် ပဲစိုက်ရန် တာဝန်ပေးအပ်ထားခြင်းမရှိကြောင်းနှင့် ဆောင်းသီးနှံပဲစိုက်ရာသီလည်း မဟုတ်ကြောင်း၊ မုန်တိုင်းမိုးကြောင့် ရေတက်ပြီး ပဲစိုက်ဧက ၇၀၀ ကျော်နှင့် ငွေကျပ် သိန်း ၄၀၀ ကျော်ခန့် တောင်သူများ ဆုံးရှုံးကြောင်းဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။
သတင်းတွင်ပါရှိသည့် ကျေးရွာအုပ်စုအချို့မှာ ငဝန်ရေကာတာ၏ တစ်ဖက် ကိုင်းသီးနှံစိုက်ကျေးရွာ အုပ်စုများဖြစ်ပြီး ချောင်းမြောင်း ပေါများသော ဒေသများဖြစ်ခြင်းကြောင့် ချောင်းစပ်တွင် စိုက်ထား သော ပဲသုံးဧကခန့်သာ မုန်တိုင်းမိုးကြောင့် ပျက်စီးထိခိုက်ခြင်းသာ အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်အရ သတင်းအမှန် သိရှိရပါသည်။
မြန်မာ့အလင်း