
သထုံ နိုဝင်ဘာ ၇
မွန်ပြည်နယ် သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီ တော်မြတ်ကြီးတွင် တန်ဆောင် မုန်းလပြည့် (သာမညဖလအခါ တော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်ကား များပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စေတီတော်မြတ်ကြီး မှာ ရန်ကုန် -မော်လမြိုင် အဝေးပြေး လမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြော် နိုင်ရာ အများပြည်သူ ပိတ်ရက် ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာ ပြည် ဘုရားဖူးအပန်းဖြေခရီး ထွက်သူများ ခရီးတစ်ထောက်နား ဝင်ရောက် ဖူးမြော်လေ့ရှိပြီး မြို့၏ အထင်ကရစေတီလည်း ဖြစ်သည့်အလျောက် ယခုကဲ့သို့ ဝါလကင်းလွတ် ကာလတွင် ဒေသခံအပေါင်းတို့က မိသားစု အလိုက် လာရောက်ဖူးမြော် ကုသိုလ်ပြုလေ့ ရှိသောကြောင့် အထူးစည်ကားပြီး ဘုရားဖူး ပြည်သူများ အေးချမ်းသာယာစွာ ဖူးမြော်ကုသိုလ်ယူနိုင်ရေးအတွက် စီမံထားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တန်ဆောင်မုန်း လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ် အမြတ်ထားသည့် သာမည ဖလ အခါတော်နေ့ဖြစ်သည့် အလျောက် ရွှေစာရံစေတီတော် အပါအဝင် သထုံမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၌ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းတော်များ ကပ်လှူ ပူဇော်ခြင်း၊ ဇီဝိတဒါန ငါးလွှတ် ခြင်း၊ စတုဒိသာများကျွေးမွေးခြင်း ဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)