
သထုံ ဇန်နဝါရီ ၂
ကရင်နှစ်သစ်ကူးပွဲတော်ကို မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက်ရှိ သာသနာ့ဝုဒ္ဓိကျောင်း တိုက်၌ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်အနေဖြင့် ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးကျင်းပခဲ့သည်။
နှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်းမှာ စည်းလုံး ညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာ ဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်း ဖြစ်ပြီး လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသား စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားစေလိုကြောင်း သထုံမြို့နယ် ကရင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
နှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် နံနက် အရုဏ်တက်အချိန်၌ တက်ရောက်လာကြသည့် တိုင်းရင်းသားများက ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့် လှူဖွယ်များ ဆက်ကပ် လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြ သည်။
သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး မြို့နယ်အဆင့် ရိုးရာ နှစ်သစ်ကူးပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင် တိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့တွင် အလှည့်ကျ နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း။
ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်း ပြိုင်ပွဲများ၊ တိုင်းရင်းသူ အလှမယ်ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေ ပွဲများ၊ ပြခန်းများနှင့် စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ခရိုင်(ပြန်/ဆက်)