သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော မြို့များမှသည် စမတ်မြို့များဆီသို့

Type
77

 

မိုးမိုးလှိုင်မြင့်(မြို့ပြ)

 

ခေတ်၏ တောင်းဆိုမှုအရ မြို့ပြများသည် နေထိုင်ရှင်သန်မှုစနစ် ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။ မြို့ကြီးများတွင် လူနေထိုင်မှု တိုးတက်များပြားလာခြင်းသည် တစ်ဖက်မှ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ရှင်သန်ရပ်တည်နိုင်ရန် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေသည်။ မြို့ပြနေထိုင်သူများသည် နေ့စဉ်ရှင်သန်နေထိုင်ရေးတွင် နေပျော်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုကို လိုလားတောင့်တလာကြသည်။  မိုးလင်းမိုးချုပ်  ရှင်သန်လှုပ်ရှားနေရသော  မြို့ပြလူနေမှုစနစ်အတွက် အလွယ်တကူရယူနိုင်သည့်ဝန်ဆောင်မှုကို ပိုမိုမက်မောလာကြသည်။

 

အမှိုက်ကင်းစင်သော မြို့ပြဝန်းကျင်၊ ယာဉ်ကြော ကျပ်တည်းမှုမရှိသော လမ်းများ၊ သန့်ရှင်းသန့်ရပ် သော အပန်းဖြေ ရှုခင်းသာ၊ စောင့်ဆိုင်းစရာမလိုအပ် ဘဲ လွယ်လင့်တကူ ပေးဆောင်နိုင်သည့် အခွန်အခ စနစ်၊ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် အွန်လိုင်း ပေးချေမှုများ၊ အချိန်နှင့်  တစ်ပြေးညီပေးနိုင်သည့် သတင်းအချက်အလက်စနစ်၊   ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုတို့ကို   ရရှိခံစားခြင်းဖြင့် မြို့ပြ၏မွန်းကျပ်မှုကို ကျော်လွှားသွားလိုကြသည်။ ကမ္ဘာ့လူဦးရေ၏ ၅၅ ရာခိုင်နှုန်းသည် မြို့ကြီးများ တွင် နေထိုင်လျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၆၈ ရာခိုင် နှုန်းအထိ တိုးလာမည်ဟု   ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က လေ့လာခန့်မှန်းထားသည်။


စမတ်မြို့များ ပြောင်းလဲဖန်တီးလာ


သို့အတွက်     သက်ဆိုင်ရာအစိုးရများသည် အများပြည်သူဝန်ဆောင်မှုကို    နည်းပညာသုံးပြီး လွယ်လွယ်ကူကူ      ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို   စဉ်းစားလာကြသည်။   မြို့ပြ၏ မွန်းကျပ်ရှုပ်ထွေးသည့်   လူနေမှုစနစ်ကို   လွယ်ကူ ရိုးရှင်းသော၊ သန့်ရှင်းသော၊ ခေတ်မီသောအသွင် ပုံစံဖြင့်   အစားထိုးနိုင်ရန်   ကြိုးပမ်းလာကြသည်။ ထိုသို့ဖန်တီးတည်ဆောက်ရာတွင် လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊  ပတ်ဝန်းကျင်ဆိုင်ရာ၊   အရင်း အမြစ်များ၏ လုံခြုံရေးနှင့် ကာဗွန်လျှော့ချရေးတို့ကို ဆန်းသစ်တီထွင်သော နည်းပညာအသုံးပြုခြင်းဖြင့် ရလဒ်ကောင်းများဖော်ဆောင်နိုင်ရန် ဘက်စုံထောင့်စုံ မှ  လေ့လာသုံးသပ်ကာ    စနစ်တကျဖြစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   မြို့ပြလူနေမှု စနစ်ကို   လွယ်ကူရိုးရှင်းသော၊   သန့်ရှင်းသော၊ ခေတ်မီသော အသွင်ပုံစံဖြင့် ဖော်ဆောင်ထားသည့် စမတ်မြို့များအဖြစ် ပြောင်းလဲဖန်တီးလာကြသည်။


“စမတ်မြို့”များ၏ အနှစ်သာရမှာ မြို့များကို ရေရှည်တည်တံ့ခိုင်မြဲပြီး စိမ်းလန်းစိုပြည်စေခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဆန်းသစ်တီထွင်သော စီးပွား ရေးနှင့် ပိုမိုကောင်းမွန်သော လူမှုဘဝအရည်အသွေး ကို ဖန်တီးပေးခြင်းပင်ဖြစ်သည်။


ကမ္ဘာကျော်စမတ်မြို့ကြီးများ


ကမ္ဘာ့နိုင်ငံများသည်       စမတ်မြို့သစ်များ တည်ထောင်ခြင်းနှင့် မြို့များကို စမတ်မြို့များအဖြစ် အသွင်ပြောင်းခြင်းတို့ကို       လျင်လျင်မြန်မြန် လုပ်ဆောင်လာကြသည်။ စင်ကာပူနိုင်ငံ စင်ကာပူမြို့၊ ဖင်လန်နိုင်ငံ   ဟယ်စင်ကီမြို့၊     ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့၊ နော်ဝေနိုင်ငံ အော့စလိုမြို့၊ နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက် မြို့နှင့်  တောင်ကိုရီးယားနိုင်ငံ    ဆိုးလ်မြို့တို့သည် ကမ္ဘာကျော်စမတ်မြို့ကြီးများ ဖြစ်လာသည်။


အာဆီယံဒေသတွင်း၌လည်း    စမတ်မြို့များ ဖော်ဆောင်နိုင်ရန်    အဖွဲ့ဝင်နိုင်ငံများ    ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်    ဖော်ဆောင်နေပြီဖြစ်သည်။ ဘုံဦးတည်ချက်သည်     မြို့ပြများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည်။ အာဆီယံစမတ်မြို့များ ကွန်ရက်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး စမတ်မြို့ များအဖြစ်  မြို့များအချင်းချင်း   ပူးပေါင်းအကောင် အထည်ဖော်ရန်နှင့်    ရှေ့ပြေးစီမံကိန်းအနေဖြင့် အာဆီယံနိုင်ငံများအတွင်း  မြို့ပေါင်း  ၂၆   မြို့ကို ရွေးချယ်ထားပြီးဖြစ်သည်။ 


အရွေ့တစ်ခုဆီသို့ ဦးတည်


မြန်မာနိုင်ငံရှိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စသည့် မြို့သုံးမြို့ကို စမတ်မြို့များအဖြစ် အကောင် အထည်ဖော်ရန် ရွေးချယ်ထားပြီးဖြစ်သည်။ မြို့များ ၏ တည်နေရာ၊ လူမှုစီးပွားအခြေအနေ၊ ဝန်ဆောင်မှု များအရ   ဦးစားပေးလုပ်ဆောင်ရမည့်    စီမံချက် (Action Plan) များမှသည်   တိုးတက်ပြောင်းလဲမှု အရွေ့တစ်ခုဆီသို့ ဦးတည်နေပြီဖြစ်သည်။


စမတ်မြို့ဟုဆိုရာတွင် မြို့တစ်မြို့နှင့် တစ်မြို့ သည် ပုံဖော်ဆောင်ရွက်ပုံချင်း  တူညီမှုမရှိနိုင်ပေ။  မြို့တစ်မြို့၏ တည်ရှိနေသည့် လူနေမှုစနစ်ပေါ်တွင် လိုက်ပါလုပ်ဆောင်ပေးရခြင်း   ဖြစ်သည့်အတွက် မည်သို့မျှ ထပ်တူကျနိုင်မည်မဟုတ်ပေ။ ထို့အတူ ဖွံ့ဖြိုးပြီးနိုင်ငံများမှ မြို့ကြီးများကဲ့သို့ ပြီးပြည့်စုံသော စမတ်မြို့များကို အားကျအတုယူပြီး ထပ်တူဆောင် ရွက်ရန်လည်း မဖြစ်နိုင်ပေ။ တည်ရှိနေသည့် ရေ၊ မြေ၊ တောတောင်သဘာဝနှင့်   လူမှုစီးပွားဆိုင်ရာ အားသာချက်၊   အားနည်းချက်များကို   လေ့လာ သုံးသပ်ပြီး ဦးစားပေးလုပ်ဆောင်မှုများသည် ကွဲပြား နေမည်ဖြစ်သည်။ အားသာချက်များကို အခြေခံ၍ တိုးတက်စေခြင်း၊ အားနည်းချက်များကို ပြုပြင်ခြင်းမှ သည် အခွင့်အလမ်းတစ်ခုဆီသို့ ချဉ်းကပ်လျှောက်လှမ်း ရင်း ပုံဖော်ရမည်ဖြစ်သည်။
သန့်ရှင်းသောမြို့များ


စမတ်မြို့များဆီသို့    လျှောက်လှမ်းရာတွင် အဓိက အခြေခံမဏ္ဍိုင် သုံးခုမှာ သန့်ရှင်းမှု၊ စိမ်းလန်း စိုပြည်မှုနှင့်   နည်းပညာအသုံးပြုမှုပင်   ဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သန့်ရှင်းမှု၊ စွန့်ပစ် အညစ်အကြေးများဆိုင်ရာ စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်   သန့်ရှင်းရေးတို့အတွက်   အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊ စိမ်းလန်းမြေ များတည်ရှိမှု၊ ကျန်းမာရေးနှင့်မြို့ပြများ ဘေးအန္တရာယ် ကင်းလုံခြုံမှု၊  ခရီးသွားလုပ်ငန်းဆိုင်ရာ    အခြေခံ အဆောက်အအုံများနှင့်ဝန်ဆောင်မှု စသည့်အခြေခံ စံ (၇)ရပ်အပေါ် မူတည်ပြီး ရွေးချယ်ခြင်းဖြစ်သည်။ 


“သန့်ရှင်းခြင်း” ဟူသည်    ပတ်ဝန်းကျင်သို့ စွန့်ပစ်အညစ်အကြေးများ ထုတ်လွှတ်မှုလျော့နည်း စေခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး လူသားများအတွက် သန့်ရှင်းသော မြေ၊ လေ၊ ရေနှင့် သမုဒ္ဒရာတို့နှင့်အတူ ကျန်းမာသန်စွမ်းသော လူမှုဘဝများကို ဆောင်ကြဉ်း ပေးနိုင်ခြင်းဖြစ်သည်။


သန့်ရှင်းသောမြို့များဖော်ဆောင်ခြင်း


စမတ်မြို့များ ဖော်ဆောင်ရာတွင် အခြေခံဖြစ် သည့် သန့်ရှင်းသောမြို့များ ဖြစ်လာစေရန် ဦးတည် ဖော်ဆောင်ကြသည်။ ထို့အတွက် စနစ်တကျရှိသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများသည် အရေးအကြီးဆုံး ဖြစ်လာသည်။  မြို့များ၏   မြေအသုံးချမှုစီမံကိန်း ပုံစံများ၊ ဇုန်အလိုက် ခွဲခြားသတ်မှတ်သည့် စီမံကိန်း ပုံစံများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများ ကို ရေးဆွဲထားရှိရန် လိုအပ်ပြီး အဆိုပါစီမံကိန်းပုံစံ များအတိုင်း    စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက် သည့် မြို့ပြများအဖြစ် တည်ရှိနိုင်မည်ဖြစ်သည်။


ထို့ကြောင့် မြို့၏ ပထဝီဝင်အနေအထား၊ မြို့၏ သဘာဝအရင်းအမြစ်များကို  ရေရှည်စဉ်ဆက်မပြတ် အသုံးချနိုင်မှု၊ လက်ရှိလူဦးရေ၊ အခြေခံအဆောက် အအုံများနှင့် ဝန်ဆောင်မှုပေးနိုင်မှု၊ အနာဂတ်တိုးပွား လာမည့်  လူဦးရေအတွက်   ကြိုတင်ပြင်ဆင်ထား ရမည့် မြေအသုံးချမှုနှင့် လျာထားရမည့် လူမှုစီးပွား ဆိုင်ရာ  အခြေခံအဆောက်အအုံများ၊   ထိန်းသိမ်း စောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်   စသည်တို့ကို   စနစ်တကျ လေ့လာဆန်းစစ်၍ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်၊ ကြံ့ခိုင်သည့် မြို့ပြများအဖြစ်  ဖော်ဆောင်သွားရမည် ဖြစ်ပါသည်။


ထို့အတူ သန့်ရှင်းသောမြို့များအဖြစ် ဖော်ဆောင် ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုသည် အရေး ပါသည့် အချက်တစ်ခုဖြစ်သည်။   ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှုဆိုသည်မှာ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြောင့်  ပတ်ဝန်းကျင်အပေါ်    ထိခိုက်ခံစားရနိုင်မှု အခြေအနေကို စဉ်ဆက်မပြတ်  ထည့်သွင်းဖြေရှင်း ခြင်းပင်။ မြေထု၊ ရေထု၊ လေထုနှင့် အသံညစ်ညမ်းမှု တို့အတွက်  လက်ခံခွင့်ပြုနိုင်သည့်   ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဖြင့် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း၊ လိုက်နာမှုမရှိပါက သတိပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို ထိန်းညှိသွားရမည်ဖြစ်သည်။


အများနှင့်သက်ဆိုင်သည့် နေရာများဖြစ်သည့် သတင်းအချက်အလက်စင်တာများ၊ လမ်းမကြီးနှင့် ဆက်စပ်လမ်းများ၊ သစ်ပင်ပန်းမန်များ၊ အပန်းဖြေ ရန် ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ရေကန်ကြီးများနှင့် အားကစား လှုပ်ရှားမှုနေရာများ၊ စျေးများ၊ ကုန်တိုက်ကြီးများနှင့် စီးပွားရေး ဆိုင်ရာနေရာများ၊ အများသုံး သန့်စင်ခန်း များ စသည်တို့တွင် သန့်ရှင်းသပ်ရပ်စေရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာနှင့်အမှိုက်ပုံးများကို လိုအပ် ချက်နှင့်အညီ ပေးစွမ်းနိုင်ရမည်ဖြစ်သည်။ မြို့ကြီး၊ မြို့ငယ်များတွင် အများပြည်သူများအတွက် စိမ်းလန်း သည့် မြက်ခင်းပြင်နှင့် ပန်းခြံများ၊ အားကစားကွင်း များ၊ သစ်တောဥယျာဉ်များကို မြို့၏အကျယ်အဝန်း နှင့်လိုက်လျောညီထွေရှိစေရန်  ထည့်သွင်းတည်ဆောက်ကာ      ပြည်သူလူထု   အလွယ်တကူ    ဝင်ထွက်အသုံးပြုနိုင်ရန်    စီမံ ဆောင်ရွက်ထားရမည် ဖြစ်သည်။ 


ထို့ပြင် လူနေအိမ်များ၊ စက်ရုံများ၊ စီးပွားရေး နှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ  ထွက်ရှိလာသော စွန့်ပစ်အညစ်အကြေးများဖြစ်သည့်   ရေဆိုးများ၊ အမှိုက်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရမည်ဖြစ် သည်။ ရေဆိုးများကို သန့်စင်ပြီးမှ ရေနုတ်မြောင်း များသို့ စွန့်ပစ်ခြင်း သို့မဟုတ် မြေယာ ရှုခင်းများတွင် ပြန်လည်အသုံးပြုခြင်း၊ အမှိုက်များကို စနစ်တကျ သိမ်းဆည်းခြင်းနှင့်   ပြန်လည်အသုံးပြုရန်ခွဲခြား ခြင်း၊  သဘာဝမြေသြဇာနှင့်   စွမ်းအင်ထုတ်လုပ် ခြင်း စသည်ဖြင့် စွန့်ပစ်ပစ္စည်းများ လျှော့ချပေးနိုင် ရေးကို    ဦးတည်သည့်စီမံခန့်ခွဲမှုများ   လိုအပ်ပါ သည်။ 


ထိုသို့သော စီမံခန့်ခွဲမှုများအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့၏ ဝန်ဆောင်မှုပေးခြင်းနှင့် မလုံလောက် ဘဲ ပြည်သူတစ်ဦးချင်းစီ၏ အပြုအမူ၊ အလေးထားမှု၊ စည်းကမ်းရှိမှုနှင့်    လိုက်နာဆောင်ရွက်မှုတို့ဖြင့် အမြဲတစေ ပူးပေါင်းဖော်ဆောင်ပေးနေရမည်ဖြစ် ပါသည်။ 


သို့အတွက်    ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးကြီးမှု၊ အကျိုးရလဒ်များ၊ ပတ်ဝန်းကျင်ပျက်စီး ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို အသိပညာပေးခြင်း၊  ဗဟုသုတဖြန့်ဝေခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ပြည်သူများ ပါဝင်မှု ရရှိအောင် ကြိုးပမ်းနေရမည်ဖြစ်သည်။ 


အထူးသဖြင့်  ကျောင်းနေအရွယ်မှ   စတင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သက်ဆိုင်သည့် အကြောင်းအရာများကို သင်ကြားပေးခြင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြတိုက်များကို မြို့ကြီး များရှိ အများပြည်သူများ လက်လှမ်းမီကြည့်ရှုနိုင် မည့်နေရာများတွင် ဖွင့်လှစ်ထားခြင်း၊ အများပြည်သူ နှင့်သက်ဆိုင်သည့်နေရာများ   (စျေး၊ ရုပ်ရှင်ရုံ၊ အားကစားကွင်း၊ ပန်းခြံနှင့် အပန်းဖြေနေရာများ)တွင် အသိပညာပေးဆိုင်းဘုတ်များ၊ ပိုစတာများ ချိတ်ဆွဲထားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ သတင်းစာ၊ ဂျာနယ်နှင့် ရုပ်မြင်သံကြားတို့မှ အခါအားလျော်စွာ   ပညာပေးကာတွန်းများနှင့် ဇာတ်လမ်းတိုများ ထုတ်လွှင့်ပေးခြင်း၊ ဟောပြောပွဲ များ၊ ပြပွဲများ၊ ဉာဏ်စမ်း   ပဟေဠိပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်း၊ ဌာနဆိုင်ရာများ အထူးသဖြင့်   မြို့စည်ပင်သာယာရေးအဖွဲ့များက ဦးဆောင်၍ မြို့မိ၊ မြို့ဖများနှင့် မြို့နေပြည်သူလူထု ပူးပေါင်းပါဝင်သည့် မြို့သန့်ရှင်းရေးကို မကြာခဏ ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းဆောင်တာများ ဖြင့် ထိရောက်မှုရှိစေရန် ဖော်ဆောင်သွားရမည်ဖြစ် သည်။ 


ယင်းအချက်များအပြင်   ကျန်းမာရေးကဏ္ဍ အတွက် မြို့တစ်မြို့ရှိ လူဦးရေအတွက် လုံလောက် သောဆေးရုံ၊ ဆေးပေးခန်းနှင့် ဆရာဝန်အရေအတွက် ရှိရန်  လိုအပ်သည့်အပြင်  ဝန်ဆောင်မှုကို  လူတိုင်း လက်လှမ်းမီနိုင်သည့် နေရာအကွာအဝေးရှိရမည် ဖြစ်သည်။  ကျန်းမာရေးဆိုရာတွင်    ဆေးကုသမှု တစ်ခုတည်းသာမဟုတ်ဘဲ     မြို့သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာ    ဗဟုသုတရှိရန်လည်း လိုအပ်သည်။ 


စိမ်းလန်းသောမြို့များ


စမတ်မြို့များ   ဖော်ဆောင်ရာတွင်    ဒုတိယ အခြေခံအချက်တစ်ခုဖြစ်သည့်    စိမ်းလန်းသော မြို့များအဖြစ် တည်ရှိရေးကို ကြိုးပမ်းဖော်ဆောင် ရမည်ဖြစ်သည်။ စိမ်းလန်းသောမြို့များဟု ခေါ်ဆိုရာ တွင် သစ်ပင်များနှင့်  သစ်တောများ  ပေါများစွာ တည်ရှိနေခြင်း   တစ်မျိုးတည်းကို   ရည်ရွယ်ခြင်း မဟုတ်ပါ။    သဘာဝအရင်းအမြစ်များဖြစ်သည့် မြေထု၊  ရေထု၊  လေထု   သန့်ရှင်းစေခြင်းနှင့်အတူ ၎င်းတို့ကို  မှီခိုအားထားနေသည့်   လူသားတို့၏ အသက်မွေးဝမ်းကျောင်းမှုများ တိုးတက်ဖြစ်ထွန်း စေရန်နှင့် စား၊ ရေ၊ ရိက္ခာဆိုင်ရာ လုံခြုံစိတ်ချမှုရှိရန် ဟူသည့် အချက်များလည်း ပါဝင်သည်။ ဂေဟ စနစ်များကို မပျက်စီးမယိုယွင်းစေရန် ကောင်းမွန် စွာထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် လူမှုစီးပွားရေး ဆိုင်ရာ အကျိုးရလဒ်ကို များစွာတိုးပွားစေနိုင်သည်။


မြို့များကို စိမ်းလန်းစိုပြည်သည့်မြို့များ ဖြစ်လာ စေရန် ကောင်းမွန်သောမူဝါဒများ ချမှတ်ဆောင်ရွက် ခြင်း၊ လူမှုစီးပွားနယ်ပယ်အမျိုးမျိုးအတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ပါးစေမည့် ဆန်းသစ် တီထွင်မှုများကို စနစ်တကျဆောင်ရွက်လာခြင်းတို့ သည်   နိုင်ငံ၏ကုန်ထုတ်လုပ်မှုတိုးတက်စေရေး (GDP) တစ်ခုတည်းသာမက   နိုင်ငံသားများ၏ လူမှုစီးပွားနှင့် လူနေထိုင်မှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေသည်။     


ထိုသို့    စိမ်းလန်းသောမြို့များ   သို့မဟုတ် အစိမ်းရောင်မြို့များအဖြစ် အကောင်အထည်ဖော်ရာ တွင် ကာဗွန်ထွက်ရှိမှုလျော့နည်းသည့်   သယ်ယူ ပို့ဆောင်ရေးသည် အဓိကကျသည်။ 


ကာဗွန်လျှော့ချနိုင်သော သယ်ယူပို့ဆောင်ရေး စနစ်အဖြစ်  နိုင်ငံတကာတွင်  Transit Oriented Development (TOD) ကို   အသုံးပြုလျက်ရှိရာ အဆိုပါစနစ်မှာ အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးဖြစ်သည့်  မော်တော်ကား၊   မီးရထားတို့နှင့် သွားလာမှုတို့ကို  ချိတ်ဆက်ထားပြီး   စီးပွားရေး ဆိုင်ရာနေရာများ၊ ရုံးခန်းများ၊ အပန်းဖြေနေရာများ ကို  စနစ်တကျထည့်သွင်း၍   လူနေဧရိယာများ၊ စက်ရုံအလုပ်ရုံများနှင့်ချိတ်ဆက်ထားသော ကျစ်လျစ် သောရောထွေးအသုံးပြုမှု (Compacted Mix-used) ပင်ဖြစ်သည်။ 


နေ့စဉ် ဆက်သွယ်သွားလာမှုအကွာအဝေးကို လျှော့ချပေးနိုင်သည့်အတွက်   ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ လေထုညစ်ညမ်းမှုကို လျှော့ချနိုင် ခြင်း၊ နေထိုင်မှုဘဝအရည်အသွေး တိုးတက်လာ ခြင်း၊ နေပျော်ဖွယ်ကောင်းသော မြို့ပြဖြစ်ထွန်းလာ ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။ 


အလားတူ လေထုညစ်ညမ်းမှုကို လျှော့ချနိုင် သည့်  လျှပ်စစ်ကား၊  စက်ဘီးနှင့်  ဆိုင်ကယ်များ အသုံးပြုခြင်း၊ ဇီဝဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ သုံးယာဉ်များကိုအသုံးပြုသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်နှင့်  လူသွားလမ်းများ၊ စက်ဘီးလမ်းများကို လမ်းမများတွင် ထည့်သွင်း ပေးခြင်းသည်လည်း ပတ်ဝန်းကျင်ကို အထောက်အကူ ပြုစေသည်။
စွမ်းအင်ကို အနည်းဆုံးနှင့်ထိရောက်စွာ သုံးစွဲ နိုင်ရေးအတွက် အဆောက်အအုံဒီဇိုင်းများရေးဆွဲရာ တွင်   အလင်းရောင်ရရှိမှု၊    လေဝင်လေထွက် ကောင်းမွန်မှု၊ စိမ်းလန်းမြေ  ပါဝင်မှုတို့ကို  အဓိက ထားပြီး လိုအပ်သော စွမ်းအင်အတွက် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေစွမ်းအင်ရရှိနိုင်မှု၊ လေစွမ်းအင် ရရှိမှု၊ ရေရရှိနိုင်မှု၊ စွန့်ပစ်ရေကို  သန့်စင်နိုင်မှုနှင့် ပြန်လည်အသုံးပြုမှု၊ တည်ဆောက်မှု ကုန်ကျစရိတ် ခံနိုင်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာ အသုံးပြု သည့်ပစ္စည်းများ စျေးကွက်အတွင်း အလွယ်တကူ ရရှိနိုင်မှုတို့ကိုပါ ထည့်သွင်းဖော်ဆောင်သွားရမည် ဖြစ်သည်။


ထို့ပြင်အမြဲတစေ   ထည့်သွင်းစဉ်းစားရမည့် အချက်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ ငလျင် လှုပ်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ တောမီးလောင် ခြင်း ကဲ့သို့သော သဘာဝဘေးဒဏ်နှင့် ထိခိုက်ခံစား ရမှုတို့ကို လျှော့ချပေးနိုင်သည့် ကြံ့ခိုင်သောအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလည်း ပါဝင် သည်။


စမတ်မြို့များ ဖော်ဆောင်ရာတွင် အဓိကကျ သည့် သန့်ရှင်းသော၊ စိမ်းလန်းသောမြို့များ ဖြစ်စေ ရေးကို   နည်းပညာ၏    အခန်းကဏ္ဍကများစွာ အထောက်အပံ့ပြုလျက်ရှိသည်။    မြို့ပြလူနေမှု စနစ်၏   ထိုထိုသော    အကြောင်းအရာများကို  အလွယ်တကူ     ကျော်လွှားဖြေရှင်းပေးနိုင်ရန် နည်းပညာ၏အခန်းကဏ္ဍသည် မေ့ထား၍ မရပေ။ သို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာများ(ICTs) အသုံးပြုမှုကို အစဉ်ဂရုပြု နေရမည်ဖြစ်သည်။   နည်းပညာများ   အသုံးပြု၍ အလွယ်တကူ  ဖြေရှင်းပေးနိုင်ခြင်းသည်   ပြည်သူ လူထုပူးပေါင်းပါဝင်မှုအားကို မြင့်တက်စေသကဲ့သို့ အစိုးရအနေဖြင့် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်နိုင်စွမ်းကို သိသာပေါ်လွင်စေသည်။ 


သို့ဖြစ်ရာ စိမ်းလန်းစိုပြည်ခြင်းနှင့် သန့်ရှင်းခြင်း တို့သည် အပြန်အလှန်အကျိုးပြုနေသော အကြောင်း အရာများဖြစ်ပြီး    အေးချမ်းသာယာသောလူမှု ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် စမတ်မြို့များအဖြစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံးဖြစ်သော သန့်ရှင်းမှုနှင့် စိမ်းလန်း စိုပြည်မှုတို့ကို အတိုင်းအတာတစ်ခုအထိ ရရှိထားပြီ ဆိုပါက ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်ကာ စမတ်မြို့များအဖြစ်သို့ တက်လှမ်းနိုင်ရန်မှာ မဝေး တော့ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။      ။