သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာရှိ ကျိုက်နှဲရေလယ်စေတီတော်သို့ ဘုရားဖူးလာရောက်စဉ် လှိုင်းရိုက်ခတ်မှုကြောင့် ရေနစ်သေဆုံးခဲ့သူများနှင့် ဘုရားဖူးလာပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၂၂


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်  ဝဲကလောင်ကျေးရွာ ရှိ   ကျိုက်နှဲရေလယ်စေတီတော်သို့    ဘုရားဖူး လာရောက်သည့်    ဘုရားဖူးပြည်သူများသည် နိုဝင်ဘာ ၂၁ ရက်   နံနက်ပိုင်းတွင် ပင်လယ်လှိုင်း ရုတ်တရက်ရိုက်ခတ်မှုကြောင့်     ပင်လယ်တွင်း ပြုတ်ကျ၍ မျောပါပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ အရှေ့တောင် တိုင်းစစ်ဌာနချုပ် သံဖြူဇရပ်တပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်၍  လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်        ဘုရားဖူးလာပြည်သူများ           ဘေးအန္တရာယ်ကင်းစေရေး  လမ်းကြောင်းပြသခြင်း နှင့် လုံခြုံရေးဆောင်ရွက်ပေးခြင်းများ  ပြုလုပ်ပေးခဲ့ရာ ရေနစ်သေဆုံးခဲ့သူ သံဃာတော်  တစ်ပါး၊ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၁၂ ဦး  စုစုပေါင်း  ၁၅ ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်။


ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း  အဆိုပါ နေရာနှင့် အနီးတစ်ဝိုက်သို့ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များနှင့် လူမှုကူညီရေးအဖွဲ့များက စက်လှေ  ၁၀ စင်း ဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်ခဲ့ရာ  သေဆုံးသူ  အမျိုးသားတစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦး ထပ်မံတွေ့ရှိ သဖြင့် သံဖြူဇရပ်ဆေးရုံသို့  ထပ်မံပို့ဆောင်ပေးခဲ့ပြီး ယနေ့အထိ  သေဆုံးသူ  သံဃာတော်   တစ်ပါး၊ အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း  ၂၀  ဖြစ်ကြောင်းနှင့်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါနေရာသို့   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက  သွားရောက်၍ သေဆုံးသူများ၏ မိသားစုဝင်များကို  အားပေးစကား ပြောကြားပြီး    ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ ဝန်ထမ်း   လူမှုကူညီရေးအဖွဲ့များ၏  လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးကာ    ကျိုက်နှဲ ရေလယ်စေတီဆရာတော် ဦးဓမ္မထံ ကွယ်လွန်သူများ အား ရည်စူး၍ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်