
နေပြည်တော် နိုဝင်ဘာ ၂၄
ကုန်သွယ်မှု မြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့ နိုင်ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင် နေကြသော မြန်မာစီးပွားရေး သံမှူးများနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဆိုင်ရာသံမှူးတို့ တွေ့ဆုံ ဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေး ဒုတိယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျ နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ စီးပွားရေး သံမှူးများနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဆိုင်ရာ သံမှူးတို့က ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ များနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်နိုင်မှု၊ အမယ်သစ် ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင် မြန်မာနိုင်ငံမှ ပါဝင်လိုက်ပါ ဆောင်ရွက်နေမှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တင်ပြခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက အမှာစကား ပြောကြားခဲ့ရာတွင် တာဝန် ထမ်းဆောင်နေသည့် ကာလ အတွင်း သံမှူးများ၏ စွမ်းဆောင် ရည်များ တိုးတက်လာပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် လိမ္မာပါးနပ် စွာဖြင့် ဆောင်ရွက်နိုင်စွမ်းရှိလာ သည်ကို တွေ့ရှိရသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ မိမိတို့ နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များကို အဓိကတင်ပို့ နေသည့် နိုင်ငံဖြစ်သည့် အားလျော် စွာ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်သာ တင်ပို့ နေရာမှ အချို့ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တင်ပို့ခြင်းဖြင့် နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင် စျေးနှုန်းလည်း ပိုမိုရနိုင်မည် ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက် သွားစေလို ကြောင်း၊ မိမိတို့တာဝန်ကျရာ နိုင်ငံများ၏ စျေးကွက်များတွင် အခြားနိုင်ငံများမှ တင်ပို့နေမှုများ အား လေ့လာပြီး မိမိတို့ထုတ်ကုန် များအတွက် စျေးကွက်ရရှိနိုင် အောင် နမူနာယူ ကြိုးစားသွားသင့် ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေး (Normal Trade through Border) ကို အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် ငွေပေးချေမှု ကိစ္စရပ်များအပါ အဝင် အခြားဆောင်ရွက်နေသည့် ပုံစံများအား လေ့လာပြီးပြန်လည် တင်ပြသွားရန် မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်က စီးပွားရေးသံမှူး များအနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ နိုင်ငံများအလိုက် မူဝါဒအပြောင်း အလဲများ၊ ပို့ကုန်များအတွက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း များ၊ စံချိန်စံနှုန်းသတ်မှတ်ချက် များ အပါအဝင် အခါအားလျော်စွာ ထုတ်ပြန်သည့် အခြားစည်းမျဉ်း စည်းကမ်းများအား မိမိတို့နိုင်ငံမှ အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင် ချိန်ရရှိရန်အတွက် အချက်အလက် များအား ဆောလျင်စွာ အကြောင်း ကြားပေးပို့စေလိုကြောင်း၊ မိမိတို့ နှင့် နယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံများရှိ စီးပွားရေးသံမှူးများအနေဖြင့်လည်း နယ်စပ်ဂိတ်များ အဆင်ပြေချောမွေ့စွာ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကုန်စည်များ ချောမွေ့စွာ စီးဆင်းနိုင်ရေးတို့ အတွက် သက်ဆိုင်ရာဌာနများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်