
နေပြည်တော် ဧပြီ ၁၄
နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မဟာသင်္ကြန် အတာ ရေသဘင်ပွဲတော်သည် ယနေ့ဆိုလျှင် သင်္ကြန်အကျနေ့သို့ ရောက်ရှိခဲ့ပြီဖြစ် သည်။ ပူပြင်းလှသည့် နွေနေပူတွင် ကျင်းပ ရသည့် ပွဲတော်ဖြစ်သော်လည်း အတာ ရေချမ်းကြောင့် ပြည်သူတို့၏ ကိုယ်စိတ် နှလုံးအား အေးချမ်းစေခဲ့လေပြီ။
မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း ပြည်သူများ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် မဟာသင်္ကြန် အတာ ရေသဘင်ပွဲကို ခမ်းခမ်းနားနားစည်ကား သိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိသည်။
ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် မြန်မာနှစ်သစ် တစ်နှစ်သို့ ကူးပြောင်း ရောက်ရှိတော့မည့် မကြာသောအချိန်ကာလမတိုင်ခင် ပြည်သူတို့သည် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေ ဖြင့်ဆေးကြောရင်း နေပြည်တော် လမ်းလျှောက် သင်္ကြန်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိကြသည်။
နေပြည်တော် လမ်းလျှောက် သင်္ကြန်အတွင်းသို့ ဝင်လိုက်သည် နှင့် ဝန်ကြီးဌာနများ၏ မြန်မာ့ ရိုးရာ ရေကစားမဏ္ဍပ်များက ဆီး၍ကြိုဆိုနေကြသည်။
အဆိုပါ မဏ္ဍပ်များတွင် နိုင်ငံ ကျော်အနုပညာရှင်များ၊ တေးသံ ရှင်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ် အကြိုက် တေးသီချင်းများကို သီဆို ဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန် ယိမ်းအဖွဲ့များကလည်း သင်္ကြန် တေးသီချင်းများဖြင့် ညီညီ ညာညာ ယိမ်းနွဲ့ကပြဖျော်ဖြေပေး လျက်ရှိကြသည်။ မဏ္ဍပ်များက ပက်ဖျန်းလိုက်သည့် အတာရေ အကြားတွင် ပြည်သူများက သီချင်းသံစဉ် စည်းချက်များနှင့် အညီ လိုက်ပါယိမ်းနွဲ့၍ ကခုန် ပျော်ရွှင်ကြသည်။
ထို့ပြင် စတုဒိသာမဏ္ဍပ်များ က ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာ အစားအစာများ ကိုလည်း အားပါးတရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်း ကလည်း မြန်မာတို့၏ ချစ်စရာ ဓလေ့ကိုမြင်တွေ့ရသည်မှာ စိတ် ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
နေပြည်တော် လမ်းလျှောက် သင်္ကြန်အတွင်း ပြည်သူများ ရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ် ကုသစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနကုသရေးဦးစီးဌာနမှ ဆေးခန်း များကိုလည်း ဖွင့်လှစ်ထားသည်။
သနပ်ခါးဇုန်တွင်လည်း မြန်မာ့ ရိုးရာသနပ်ခါးကို တိုင်းရင်းသား လူမျိုးပေါင်းစုံ နှစ်ခြိုက်စွာ လိမ်းခြယ်၍ တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်နေကြ သည့် ချစ်စရာဓလေ့တစ်ခုက လည်း ပြည်သူအကြိုက်ဖြစ်ခဲ့သည်။
ထို့အတူ တိုင်းရင်းသား သင်္ကြန်ဇုန်ရှိ ဖျော်ဖြေရေးအစီ အစဉ်များ၌ ပြည်သူများ ပါဝင် ဆင်နွှဲနိုင်သည့်အပြင် တိုင်းရင်း လူမျိုးပေါင်းစုံနှင့်အတူ ရေပက် ကစားနိုင်ရန် စီစဉ်ထားရှိသည်။
လမ်းလျှောက် သင်္ကြန်တွင် ထူးခြားဆန်းသစ်သည့် အစီအစဉ် တစ်ခုအဖြစ် ခေတ်လေးခေတ် သင်္ကြန်ပွဲဆင်နွှဲခဲ့မှုများကို အလှပြ ယာဉ်များဖြင့် သရုပ်ဖော်ပြသမှု သည် မြန်မာ့ရိုးရာအတာသင်္ကြန် ၏ သမိုင်းကြောင်းကို လေ့လာ မြင်တွေ့ခွင့်ရရှိနိုင်သလို အသိ အမြင် ဗဟုသုတများစွာလည်း တိုးပွားစေခဲ့သည်။
နေပြည်တော် လမ်းလျှောက် သင်္ကြန်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ကြစေ ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များက လည်း ယာဉ်ကြောပိတ်ဆို့မှု မရှိ စေရေးအတွက် ယာဉ်ကြော ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ လာ ရောက် ပါဝင်ဆင်နွှဲကြသည့် ပြည်သူ ၁၅၀၀၀ ကျော် ရှိကြောင်း သိရသည်။
လုလင်ငယ်
ဓာတ်ပုံ - ကိုကြီးကျော်