သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော်    နိုဝင်ဘာ   ၂၀


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းသုတေသနဘာသာရပ် ဆိုင်ရာ စာတမ်းဖတ်ပွဲ”  ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည် တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သမိုင်း ကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သမိုင်းအသိပညာကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ သမိုင်းသင်ခန်းစာများကို လည်း ရယူအသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ သမိုင်း သည်   လူမှုအဖွဲ့အစည်းတွင်    အရေးပါကြောင်း၊ လူသားတိုင်း သမိုင်းသိရန်လိုအပ်သကဲ့သို့ မိမိတို့ နိုင်ငံသူ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ၏ သမိုင်း ကို အနည်းဆုံးအားဖြင့် သိထားနားလည်ရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အထောက်အပံ့ဖြစ်စေရန် အတွက်     “သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ” ဟု အမည်ပေးပြီး စာတမ်းဖတ်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊  ကာလသုံးပါးစလုံးနှင့် သက်ဆိုင်သော မြန်မာသမိုင်းကို ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ချဉ်းကပ်၍ အနာဂတ်မြန်မာနိုင်ငံ အကျိုးတွင် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်ရန်၊ မြန်မာ့ရေးရာသုတေသနနှင့် ပတ်သက်၍ ပညာရပ် နယ်ပယ်စုံ သုတေသနအမြင်များ ဖော်ထုတ်ရန်နှင့် သမိုင်းပညာရှင်များ   ပေါ်ထွန်းလာစေရန်    အသိ ပညာရှင်၊  အတတ်ပညာရှင်များ၏   အတွေ့အကြုံ၊ အသိအမြင်၊   ဗဟုသုတများ   ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသည့် ပညာရပ်နယ်ပယ်တစ်ခုပေါ်ထွက် လာစေရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အစဉ်အလာကြီးမား  လှသော မြန်မာ့သမိုင်းကို တိုင်းရင်းသားပြည်သူအတွင်း  ပျံ့နှံ့ရောက်ရှိစေပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို မြတ်နိုး တတ်လာစေရန်၊ ထိုမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ် များ ပိုမိုခိုင်မြဲလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 


စာတမ်းဖတ်ပွဲတွင်  ဒေါက်တာထွန်းထွန်းဦးက “ဗုဒ္ဓဘာသာအခြေခံသော     မြန်မာ့ယဉ်ကျေးမှု” စာတမ်း၊ ဒေါက်တာလဲ့လဲ့ဝင်းက “သထုံမြို့ဟောင်း ခေတ် သမိုင်းအထောက်အထားများကို  ဆန်းစစ် လေ့လာခြင်း” စာတမ်း၊ ဦးစွမ်းပြည့်က “The Sino-Burmese War (1765-1769) the Chinese Perspective”   စာတမ်း၊   ဒေါက်တာနှင်းယုခိုင်က “အမိန့်တော် အချို့တွင်တွေ့ရသော သမိုင်းအချက် အလက်များကိုလေ့လာခြင်း (၁၇၅၂-၁၇၈ဝ)” စာတမ်း၊ ဒေါ်မြတ်မာလာလွင်က    “စကုဒေသရှိ   ထူးခြား ထင်ရှားသမိုင်းမှတ်တမ်းများ” စာတမ်း၊ ဒေါက်တာ ဝိုင်းဝိုင်းအောင်က “ရှေးခေတ် မြန်မာ့လူမှုအစဉ်အလာ  ဓလေ့စရိုက်တစ်ခုဖြစ်သည့် ရိုးရာစစ်တုရင် ကစား နည်းအား လေ့လာသုတေသနပြုတင်ပြခြင်း” စာတမ်း စသည့်နယ်ပယ်ပေါင်းစုံမှ    အကြောင်းအရာများ ကို   အသီးသီးဖတ်ကြားခဲ့ကြပြီး   စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများက မေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့ကြသည်။ 

 


ထို့နောက် သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းက ဖတ်ကြားခဲ့သည့် စာတမ်းများအပေါ်  ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကာ ဒုတိယဝန်ကြီး ဦးထွန်းအုံ က နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။


သတင်းစဉ်