
ပါမောက္ခ ဒေါက်တာခင်မောင်ဆင့်
သစ်တောပညာသည် တန်ဖိုးမြင့်မားလှသည့် သစ်တောများကို ကာကွယ်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် ပညာတစ်ရပ် ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် တက္ကသိုလ်များ ဖွင့်လှစ်ပြီး သစ်တောပညာကို သင်ကြားပို့ချလျက်ရှိသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း တက္ကသိုလ်အဆင့်သစ်တောပညာကို ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာန၌ ၁၉၂၃ ခုနှစ်မှစ၍ သင်ကြားပို့ချခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၂၃ ခုနှစ်တွင် နှစ်တစ်ရာပြည့်မည် ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ သစ်တောပညာဌာနမှသည် သစ်တော တက္ကသိုလ် (Institute of Forestry) အဖြစ် ၁၉၉၂ ခုနှစ်တွင် သီးခြားဖွင့်လှစ် သင်ကြားခဲ့သည်။ ထို့နောက် သစ်တော တက္ကသိုလ် (University of Forestry) အဖြစ် ၂၀၀၃ ခုနှစ်တွင် အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည်။ သစ်တောပညာ သာမက ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးပညာရပ်ကိုပါ သင်ကြား ပေးရန် ဦးတည်ချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (University of Forestry and Environmental Science) သို့ အဆင့်မြှင့်တင်ကာ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ပြီး သင်ကြားလျက်ရှိပါသည်။
သစ်တော၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သစ်တောဧရိယာ
သစ်တောဆိုသည်မှာ ရှုပ်ထွေးလှ သော ဂေဟစနစ်ဖြစ်ပြီး သစ်ပင်များဖြင့် လွှမ်းမိုးထားခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါ သည်။ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agri-culture Organization) က သစ်တော ဆိုသည်မှာ ရွက်အုပ်ဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းအထက်ရှိပြီး အမြင့် ငါးမီတာ (၁၆ ပေ) ကျော်ရှိသော သစ်ပင်များ ပေါက်ရောက်နေသည့် ဧရိယာ ၀ ဒသမ ၅ ဟက်တာ (၁ ဒသမ ၂ ဧက) ထက် ကျယ်ဝန်းသောမြေ သို့မဟုတ် ထို သတ်မှတ်ချက်များကို သဘာဝအတိုင်း ရောက်ရှိနိုင်သောမြေဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
သစ်တောများကို အပူဆုံးလများတွင် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ် (၅၀ ဒီဂရီ ဖာရင်ဟိုက်) အထက်နှင့် နှစ်စဉ်မိုးရေချိန် ၂၀၀ မီလီမီတာ (၇ ဒသမ ၈ လက်မ) အထက် ရရှိသော နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ ကမ္ဘာ့သစ်တော တစ်ဝက်ကျော်သည် ရုရှား၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့တွင် ပေါက်ရောက်လျက် ရှိသည်။ ကမ္ဘာ့သစ်တောများ၏ သုံးပုံ နှစ်ပုံ (၆၆ ရာခိုင်နှုန်း)သည် နိုင်ငံ ၁၀ ခုတွင် ပေါက်ရောက်လျက်ရှိသည်။ ယင်းတို့မှာ ဖော်ပြပါ ငါးနိုင်ငံအပြင် ဩစတြေးလျ၊ ကွန်ဂို၊ အင်ဒိုနီးရှား၊ ပီရူး နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါသည်။
သစ်တောသယံဇာတ အရင်းအမြစ် ဆန်းစစ်လေ့လာချက်အရ ၂၀၂၀ ပြည့်နှစ် တွင် တစ်ကမ္ဘာလုံး၌ သစ်တောဖုံးလွှမ်း မှုမှာ ဧရိယာ ဟက်တာ ၄ ဒသမ ၀၆ ဘီလီယံ (ဧက ၁၀ ဒသမ ၀၃ ဘီလီယံ) ရှိပြီး ကမ္ဘာမြေအကျယ်အဝန်း၏ ၃၁ ရာခိုင်နှုန်းခန့်ရှိသည်။ မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၂၀၂၀ ပြည့်နှစ် သစ်တောသယံဇာတလေ့လာ ဆန်းစစ်မှုအရ ဟက်တာ ၂၈ ဒသမ ၅ သန်း (ဧက ၇၀ ဒသမ ၄ သန်း) ရှိပြီး မြန်မာနိုင်ငံရှိ မြေဧရိယာအကျယ်အဝန်း ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပါသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ပေါက်ရောက်လျက်ရှိသော သစ်တောများသည် လူသားတို့ အပါအဝင် သက်ရှိများအား အမျိုးမျိုးသော သစ်တောထွက်ပစ္စည်းများ၊ ဝန်ဆောင်မှု များဖြင့် ထောက်ပံ့ပေးနေသည်ကို တွေ့မြင်နိုင်ပါသည်။ အဆိုပါ ထောက်ပံ့မှု များကို အကြမ်းအားဖြင့် လေးမျိုးခွဲခြား နိုင်သည်။ ယင်းတို့မှာ ပေးအပ်ခြင်း ဝန်ဆောင်မှု၊ ထိန်းညှိခြင်းဝန်ဆောင်မှု၊ ထောက်ပံ့ခြင်း ဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုဝန်ဆောင်မှုတို့ ဖြစ်ပါသည်။
ပေးအပ်ခြင်း ဝန်ဆောင်မှု
ကိုင်တွယ်၍ရသော ရုပ်ဝတ္ထုပစ္စည်း များ ပေးအပ်ခြင်း ဖြစ်သည်။ အဆိုပါရုပ် ဝတ္ထုများတွင် သစ်၊ ထင်း၊ မီးသွေးနှင့် သစ်မဟုတ်သော အခြားသစ်တောထွက် ပစ္စည်းများ ပါဝင်သည်။ ၂၀၂၀ ပြည့်နှစ် တွင် ကမ္ဘာတစ်ဝန်း၌ စက်မှုကုန်ကြမ်း သစ်လုံးထုထည် ကုဗမီတာ ၁ ဒသမ ၉၈၄ သန်းနှင့် ထင်းထုထည် ကုဗမီတာ ၁ ဒသမ ၉၂၈ သန်း (ကုဗပေ ၆၈ သန်း) ထုတ်လုပ်ခဲ့သည်။ FAO ၏ စာရင်းများ အရ ၂၀၂၀ ပြည့်နှစ်တွင် သစ်လုံး၊ ခွဲသား နှင့် သစ်အခြေခံ ကုန်ချောများ၏ ကုန်သွယ်မှုတန်ဖိုးသည် ကမ္ဘာတစ်ဝန်း တွင် အမေရိကန်ဒေါ်လာ ၂၄၄ ဘီလီယံ ရှိခဲ့သည်။
ကမ္ဘာတစ်ဝန်း၌ လူပေါင်း တစ်ဘီလီယံခန့်သည် တောရိုင်းသတ္တဝါ တို့၏ အသားများ၊ အင်းဆက်အမျိုးမျိုး၊ မှို၊ သစ်ဥသစ်မြစ်စသည့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများအပေါ်တွင် မှီခိုနေထိုင်ကြရသည်။ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းသုံးစွဲသူသည် ကမ္ဘာတစ်ဝန်း၌ အနည်းဆုံး ၃ ဒသမ ၅ ဘီလီယံရှိပြီး ပျမ်းမျှ ၅ ဒသမ ၇၆ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၅ ခုနှစ်တွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၁ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထား ပြီး ၈၁ နိုင်ငံမှ ပေးပို့လာသည့် အချက် အလက်များကို အခြေခံတွက်ချက်ထား ခြင်းဖြစ်၍ လျော့နည်းခန့်မှန်းတန်ဖိုး ဖြစ်ပါသည်။
ရေသည်လည်း သစ်တောထွက် ပစ္စည်းတစ်မျိုးပင်ဖြစ်သည်။ ရွာသွန်း သောမိုးရေများ စုပေါင်းရာမှဖြစ်လာ သော ရေစီးသည် သစ်တောသစ်ပင်များ ကြောင့် စီးဆင်းမှု နှေးကွေးသွားကာ မြေကြီးအတွင်း စိမ့်ဝင်သွားစေသည်။ ထို့ပြင် သစ်မြစ်များသည် မြေကြီးအတွင်း ရေဝင်လမ်းကြောင်းသဖွယ် ဆောင်ရွက် ပေးသည်။ ထိုရေများသည် နွေရာသီ ရေရှားပါးချိန်တွင် သန့်ရှင်းသော စမ်းရေ၊ ချောင်းရေအဖြစ် ရရှိစေသည်။ စိုက်ပျိုး ရေ၊ သောက်ရေ၊ သုံးရေအဖြစ် မှီခိုနေသူ မှာ သန်းပေါင်းများစွာ ရှိပါသည်။
ထိန်းညှိခြင်း ဝန်ဆောင်မှု
သစ်တောများသည် အသက်ရှင်ရန် အောက်ဆီဂျင်ကို ထုတ်ပေးသည့် သဘာဝ စက်ကြီး ဖြစ်သည်။ လေကိုညစ်ညမ်းမှု မရှိအောင် ကာကွယ်ပေးထားပြီး ရေကို လည်း သန့်စင်ပေးနေသည်။ အပူချိန်ကို ထိန်းညှိပေးသကဲ့သို့ လေကြမ်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိအောင် ကာကွယ်ထိန်းချုပ်ပေးထား ပါသည်။
လေထုအတွင်းမှ ကာဗွန်ဒိုင်အောက် ဆိုက်ကို စုပ်ယူခြင်း၊ မြေဆီလွှာတိုက်စားမှု မှ ကာကွယ်ပေးခြင်း၊ ချောင်း၊ မြောင်း၊ မြစ်၊ ဆည်များအတွင်းသို့ အနည် ကျရောက်မှုကို လျော့နည်းစေခြင်း၊ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သည့် ဘေးဒုက္ခများ လျော့ကျစေခြင်း၊ ဒေသ တွင်း ရာသီဥတုကို မျှတစေခြင်း၊ လေအရည်အသွေးကို ထိန်းညှိပေးခြင်း၊ အစွန်းရောက် ရာသီဥတုဖြစ်စဉ်များနှင့် သဘာဝဘေးများကို လျော့နည်းစေခြင်း၊ ရေဆိုးများကို သန့်စင်ပေးပြီး ရေအရည် အသွေးကောင်းမွန်စေခြင်း၊ ရေစီးရေလာ ထိန်းညှိပေးခြင်းစသည်တို့ ပါဝင်ပါသည်။
ယနေ့ခေတ် တွေ့ကြုံနေရသည့် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေး လာမှုကို ဖြစ်စေသော လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စုပ်ယူပေးနေသည်မှာလည်း သစ်တော သစ်ပင်များပင် ဖြစ်ပါသည်။ Nature Climate Change ၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ ၁၁ တွင် ဖော်ပြ ချက်အရ ၂၀၀၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ကာလအတွင်း ကမ္ဘာ့သစ်တောများသည် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ မက်ထရစ်တန် ၁၅ ဒသမ ၆ ဘီလီယံကို နှစ်စဉ်စုပ်ယူပြီး တောပျက်ခြင်း၊ မီးလောင်ခြင်းနှင့် အခြားသစ်တော ပျက်စီးစေသည့် အကြောင်းများကြောင့် မက်ထရစ်တန် ၈ ဒသမ ၁ ဘီလီယံ နှစ်စဉ်ထုတ်လွှတ်ကြောင်း တွေ့ရှိရ သဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၇ ဒသမ ၅ ဘီလီယံကို အသားတင်စုပ်ယူကြောင်း လေ့လာတွေ့ရှိ ရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ သစ်တောဧရိယာသည် ဟက်တာ ၄ ဒသမ ၀၆ ဘီလီယံ (ဧက ၁၀ ဒသမ ၀၃ ဘီလီယံ) ရှိသဖြင့် ယင်းပမာဏနှင့် တွက်ချက်ပါလျှင် တစ် ဟက်တာ (၂ ဒသမ ၄၇ ဧက) လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ၁ ဒသမ ၈၇ မက်ထရစ်တန်ခန့် နှစ်စဉ်စုပ်ယူ ကြောင်း ခန့်မှန်းနိုင်သည်။ မြန်မာနိုင်ငံ တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ဟက်တာ ၂၈ ဒသမ ၅ သန်း (ဧက ၇၀ ဒသမ ၄ သန်း) ရှိသဖြင့် မြန်မာ့သစ်တောများသည် ကာဗွန်ဒိုင်အောက်ဆိုက် ထုထည် မက် ထရစ်တန် ၅၃ သန်းကျော်ကို နှစ်စဉ် စုပ်ယူနေကြောင်း ခန့်မှန်းနိုင်ပါသည်။
ထောက်ပံ့ခြင်း ဝန်ဆောင်မှု
ဇီဝမျိုးစုံမျိုးကွဲများ အသက်ရှင် နေထိုင်ရန် နေရာပေးအပ်ခြင်း၊ မျိုးရိုး ဗီဇထိန်းသိမ်းပေးထားခြင်း၊ မြေဆီလွှာ ဖြစ်ပေါ်စေခြင်း၊ မြေဩဇာများ လည်ပတ် စေခြင်းစသည်တို့ ပါဝင်သည်။ သစ်တော များတွင် သစ်မျိုးစိတ်ပေါင်း ၆၀၀၈၂ မျိုး ပေါက်ရောက်လျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲ အများစု၏ နေထိုင်ရာ နေရာလည်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် အမျိုးအမည်ခွဲခြားစိတ်ဖြာပြီးဖြစ်သည့် အင်းဆက်များ အပါအဝင် ကျောရိုးမဲ့သတ္တဝါ မျိုးစိတ် ပေါင်း ၁ ဒသမ ၃ သန်းခန့်ရှိပြီး အများ အပြားသည် သစ်တောများအတွင်းတွင် နေထိုင်ကြသည်။ ခွဲခြမ်းစိတ်ဖြာ၍ အမျိုး အမည်ဖော်ထုတ်ပြီး ကျောရိုးရှိ သတ္တဝါ ၇၀၀၀၀ ခန့်အနက် ကုန်းနေ၊ ရေနေ သတ္တဝါ ၅၀၀၀၀ ခန့်၊ ငှက်မျိုးစိတ် ၇၅၀၀ ခန့်နှင့် နို့တိုက်သတ္တဝါ ၃၇၀၀ ခန့်သည် သစ်တောများတွင် နေထိုင် လျက်ရှိပါသည်။
ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှု
သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု၊ ရှုခင်းအလှအပကို တန်ဖိုး ထားမှု၊ အပန်းဖြေနားနေမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို နှစ်သက် မြတ်နိုးမှု၊ သဘာဝအရင်းအမြစ်များကို ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ သုံးစွဲမှု စသည်တို့ ပါဝင်သည်။ အပန်းဖြေ နားနေရန် သဘာဝအခြေခံအခွင့်အလမ်း များကို ပေးအပ်နိုင်သည်မှာ သစ်တော များဖြစ်ပြီး စိတ်ကျန်းမာရေးနှင့် ရုပ်ကျန်းမာရေးကို ပေးအပ်နိုင်ပါသည်။
သစ်ပင်များ၊ ဂေဟစနစ်များနှင့် တောရိုင်းတိရစ္ဆာန်များသည် စိတ်ဝင် စားစရာ အရင်းအမြစ်များဖြစ်သကဲ့သို့ ပညာရေးဆိုင်ရာလေ့လာရန် နေရာ ကောင်းများလည်း ဖြစ်သည်။ သဘာဝ အမွေအနှစ်များ၊ ရိုးရာဗဟုသုတများ၊ ဓလေ့ထုံးတမ်းစဉ်လာများသည် အပန်း ပြေစေပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာများဖြစ်သည်။ အတွေ့ အကြုံ ရယူထားသင့်သည့် အရာများ လည်း ဖြစ်ပါသည်။
သစ်တောများ ရေရှည်တည်တံ့ရေး
သစ်တောများ၏ နိုင်ငံရေး၊ စီးပွား ရေးနှင့် လူမှုရေး၊ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးအရ အရေးပါမှုကို လွန်ခဲ့ သော နှစ်ပေါင်းများစွာကပင် ပညာရှင် များ သိမြင်ခဲ့ကြပြီး သစ်တောပညာကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သစ်တော များ ရေရှည်တည်တံ့ပြီး သစ်တောများ မှပေးအပ်သည့် အကျိုးကျေးဇူးများ ထာဝစဉ်စီးဆင်းရရှိနေစေရန် ရည်ရွယ် လျက် စီမံအုပ်ချုပ်လုပ်ကိုင်မှု၊ အပူပိုင်းသစ်တောအုပ်ချုပ်လုပ်ကိုင်မှု၊ သစ်တော ပြုစုပျိုးထောင်မှု နည်းစနစ်များ၊ သစ်တောကာကွယ်ထိန်းသိမ်းမှု၊ သစ်မျိုး ခွဲနည်းပညာ၊ သစ်တောအင်ဂျင်နီယာ၊ သစ်တောသယံဇာတ စာရင်းကောက်ယူ မှု၊ သစ်တောမူဝါဒနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများ၊ မှိုဇီဝဗေဒ၊ မြေဆီလွှာ၊ သစ်ထုတ်လုပ်မှု၊ စာရင်းအင်းပညာ၊ သစ်သားနည်းပညာ၊ သစ်တောတိုင်းတာ ခြင်း၊ ကောင်းကင်ဓာတ်ပုံပညာ၊ ရောဂါ ဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ သစ်အသုံးချခြင်း၊ ဈေးကွက်တင်ပို့ခြင်း၊ မြေတိုင်းပညာ၊ ဘူမိဗေဒ၊ ကိမိလဗေဒနှင့် သစ်တော ဘောဂဗေဒ ဘာသာရပ်များကို စဉ်ဆက် မပြတ် သင်ကြားပို့ချပေးခဲ့ပါသည်။
သစ်တောပညာ နှစ်တစ်ရာပြည့် မြောက်သည့် ယနေ့အချိန်အခါတွင် နေပြည်တော် (ရေဆင်း) ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ ဖော်ပြပါ ပညာရပ်များကို သာမက ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ သစ်တောဂေဟစနစ်၊ သစ်တောမျိုးရိုးဗီဇ၊ စက္ကူနှင့်ပျော့ဖတ်၊ သစ်အခြေခံ ကုန်ချော ပစ္စည်းများ၊ ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး၊ သဘာဝနယ်မြေနှင့် တောရိုင်းတိရစ္ဆာန်အုပ်ချုပ်လုပ်ကိုင်မှု၊ ရေဝေရေလဲ အုပ်ချုပ်လုပ်ကိုင်မှု၊ သစ်တောတိုးချဲ့ပညာနှင့် ပတ်ဝန်းကျင် ဆိုင်ရာပညာရေး၊ သုတေသနလုပ်ငန်း ဆောင်ရွက်မှု နည်းလမ်းများ၊ လူမှု သစ်တောနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးပညာ၊ ခရီးသွားဝန်ဆောင်မှု စသည့်ဘာသာရပ်များကိုလည်း တိုးချဲ့ သင်ကြားပို့ချပေးလျက်ရှိပါသည်။
အဆိုပါဘာသာရပ်များကို သင်ကြား ပို့ချရာတွင် စာတွေ့လက်တွေ့ခွဲခြားပြီး သင်ကြား ပို့ချလျက်ရှိပါသည်။ လက်တွေ့ လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ လုပ်ငန်း/ဌာန များမှ ဆောင်ရွက်နေမှုများကို ကွင်းဆင်း လေ့လာခြင်း၊ လက်တွေ့ဝင်ရောက် လုပ်ကိုင်ခြင်းများဖြင့် သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်ပေးပါသည်။
ဖော်ပြပါ ဘာသာရပ်များကို စာတွေ့ လက်တွေ့ ဆောင်ရွက်ခြင်းဖြင့် အသိ ပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံများရရှိပြီး အရည်အချင်း ပြည့်ဝသော သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်းနှင့် မြန်မာ့သစ်တောများ ရေရှည်တည်တံ့စေပြီး သစ်တောများ၏ ဝန်ဆောင်မှုအမျိုးမျိုးနှင့် အကျိုးကျေးဇူး များ ထာဝစဉ်စီးဆင်းစေမည်ဖြစ်ပါ ကြောင်း သစ်တောပညာနှစ်တစ်ရာ ပြည့်ခရီးကို ဂုဏ်ပြုကြိုဆို ရေးသား လိုက်ရပါသည်။ ။
- Log in to post comments